CNI News

 ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းများ၌ ကျောင်းသားများအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု၊ အကြမ်းဖက်မှု အနိုင် ကျင့်မှု ကိစ္စရပ်များသည် လက်ရှိမှာတော့ တစ်စတစ်စ ပိုမိုများပြားလာနေခြင်းက ဘာကြောင့်လဲ ဆိုသည့်အပေါ် ပညာ‌ရေးအသိုင်းအဝိုင်းများနှင့် နိုင်ငံရေးလေ့လာသူများကြား မေးခွန်းထုတ်နေကြသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အမှတ် (၁) အခြေခံပညာ အထက် တန်းကျောင်း၌ ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ ကျောင်းသားတစ်ဦး သေဆုံးခဲ့သည်။ 

ထို့ပြင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ အောင်မြေသစ် ကိုယ်ပိုင် အထက်တန်းကျောင်းတွင် Grade-12 ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံမှု ဖြစ်ရပ်များလည်း ရှိခဲ့သည်။ 

မိဘများအနေဖြင့် ၎င်းတို့၏ သားသမီးများအပေါ် လုံလောက်သည့် ပြုစုစောင့်ရှောက်မှုနှင့် မိသားစု အချိန်ပေးမှု များစွာ အားနည်းကြောင်း၊ ထိုလိုအပ်ချက်များကြောင့် လူငယ်များ ကျောင်းတွင်း အကြမ်းဖက်မှု ဖြစ်စဥ်များ ဖြစ်လာရခြင်းဖြစ်သည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။ 

စာသင်ကျောင်းထဲ ဖုန်းသုံးနေစဉ်

၎င်းက “အရင်တုန်းကလည်း ကျောင်းတွင်း အနိုင်ကျင့်မှုတွေ ဆိုတာကတော့ ဟိုအရင်တွေကလည်း ရှိတာပါပဲ။ ဒါပေမယ့် အခုနောက်ပိုင်းတွေမှာက မိဘတွေဘက်က ပိုပြီးတော့ ဒါတွေအပေါ်မှာ စိုးရိမ်လာကြတယ်ပေါ့နော်။ ကျောင်းသားတွေ အနေနဲ့က အိမ်မှာ မိဘတွေပေါ်မှာ မကျေနပ်မှုတွေကို ကျောင်းမှာ ကိုယ့်ထက်အားနည်းတဲ့ အတန်းထဲက၊ ကျောင်းထဲက ကိုယ့်ထက်အားနည်းတဲ့ အင်အားစုတွေအပေါ်မှာ တလွဲအသုံးချပြီးတော့ သူတို့ရဲ့ မကျေနပ်မှုတွေကို ဖွင့်ဟလာတယ်လို့ အန်တီတို့ တွေးမိတယ်ပေါ့နော်။ စိတ်ပိုင်းဆိုင်ရာ အရပေါ့နော်။ ကလေး တွေက သူတို့မှာ မိဘတွေက ကလေးတွေအပေါ်မှာ လုံလောက်တဲ့ ပြုစုစောင့်ရှောက်မှုလည်း ‌မပေးနိုင်ဘူး။ လုံလောက်တဲ့ မေတ္တာတွေလည်း ကလေးတွေအပေါ်မှာ ပေးလာနိုင်တယ်လို့ အန်တီတို့ မထင်ဘူး။ မိဘ‌အားလုံးကို မဆိုလိုပါဘူး။ သို့သော်လည်း မိဘတော်တော်များများက နေ့စဉ်စီစဉ်မှု၊ စီးပွားဘဝ အတွက်ကို ရုန်းကန်နေရတဲ့ အတွက်ကြောင့် ကိုယ့်ရဲ့မိသားစုအပေါ်မှာ ကိုယ့်ရဲ့က‌လေးတွေအပေါ်မှာ အချိန်ပေးလာတာ‌တွေ နည်းလာတာ တွေလည်း ဒီကိစ္စတွေက ပတ်သက်မယ်ထင်တယ်” ဟု ပြောသည်။ 

ခေတ်ကာလ ပြောင်းလဲမှု အခြေအနေအရ လူငယ်များအပေါ် ဆိုရှယ်မီဒီယာ ပလက်ဖောင်းသည် အင်မတန် လွှမ်းမိုးမှု ရှိလာကြောင်း၊ ပညာရေးစည်းကမ်း၊ ကျောင်းစည်းကမ်းအပြင် အစိုးရသစ် တစ်ရပ်အနေဖြင့် လူငယ် များအပေါ် လွှမ်းမိုးနေသည့် လူမှုမီဒီယာများကိုလည်း စနစ်တကျ ပြန်လည် ကြီးကြပ်ရန်လိုအပ်ကြောင်း ရခိုင့် ဦးဆောင်ပါတီ (AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။ 

ကျောင်းသူများကိုတွေ့ရစဉ်

၎င်းက “ဒါ နံပါတ်တစ်က ကျနော်တို့ ခေတ်တုန်းက ပြောတာပါ။ ကျောင်းပညာရေး‌က လူနေမှုအပေါ်မှာ အများ ကြီး လွှမ်းမိုးပါတယ်။ စည်းကမ်းက အစပေါ့နော်။ ကျနော်တို့ လူမှုရေး နယ်ပယ်အထိပေါ့ဗျာ။ ကျနော်တို့ ခေတ်ကို ပြောတာပါ။ လူမှုရေး နယ်ပယ်အထိ ကျောင်းပညာ ဆရာ၊ဆရာမတွေ ကြီးကြပ်မှုအလွန်တရာ အရေးကြီးခဲ့ပါ တယ်။ အဲဒါကြောင့်လဲ စည်းကမ်းအစက ပညာရေး နယ်ပယ်ကလို့တောင် ပြောလို့ရတယ်။ အဲဒီတော့ အခုက ခေတ်ကာလ ပြောင်းလာတဲ့ အခါကျတော့ ဆိုရှယ်မီဒီယာတွေရဲ့ လွမ်းမိုးမှု‌က တော်တော်များတယ်။ အဲဒီ ဥစ္စာက ကျောင်းနေ ကလေးအရွယ်တွေ တော်တော်များများကို လွှမ်းမိုးပုံပေါက်တယ်။ အဲဒီတော့ ပညာရေးစည်းကမ်း၊ ကျောင်းစည်းကမ်း လူအဖွဲ့အစည်း စည်းကမ်းအပြင် ခုနက လူငယ်ထုကို လွှမ်းမိုးနိုင်တဲ့ လူမှုမီဒီယာများကိုလည်း ပဲ စနစ်တကျတော့ ကြီးကြပ်ဖို့ လိုမယ်ထင်တယ်။ ပညာတော့ ပေးနေကြတာပါပဲ။ ကလေးတွေ ခုနက အီလက်ထရောနစ် ပစ္စည်းတွေ သုံးတာစွဲတာ သူ့ရဲ့ အသက် ကန့်သတ်မှုတွေ ဒါတွေက လိုအပ်ချက်တစ်ခု ဖြစ်လာ တာ ဖြစ်တယ်။ နောက်ကျနော်တို့ လောကနိတိ စသဖြင့်ပေါ့ ကျောင်းသင်တဲ့ သင်ခန်းစာလေးတွေကိုလည်း အသွင်ပြောင်းပေးဖို့ လိုတယ်။ နောက်ကျောင်းတွေမှာ စာသင်ကျောင်းတွေရဲ့ အနေအထား ဒီထက်မက လိုအပ်ချက်တွေ အစိုးရဘက်က ဖွဲ့စည်းပေးဖို့ လိုမယ်ထင်တယ်” ဟု ပြောသည်။ 

အဆိုပါ ဖြစ်စဥ်များနှင့်ပတ်သက်ပြီး လူငယ်များသည် တချို့သော ပြည်တွင်း/ပြည်ပများ၏ အုပ်စုဖွဲ့ အနိုင်ကျင့်မှု ရုပ်ရှင်ဇာတ်လမ်းများ၏ လွှမ်းမိုးမှုကြောင့်လည်းကောင်း၊ လူမှုကွန်ရက် ဆိုရှယ်မီဒီယာများ၏ လူငယ်များအပေါ် လွှမ်းမိုးမှု၊ လူငယ်များ အတုယူ မှားမှုများ စသည်များကြောင့်လည်း ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြ ကြသည်။