CNI International News

ဂျကာတာ၊ အောက်တိုဘာ ၂၇

မြန်မာနိုင်ငံတွင် ရပ်တန့်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား မည်ကဲ့သို့ စတင် လုပ်ဆောင်သင့်လဲ ဆွေးနွေးရန် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ တွင် အောက်တိုဘာ ၂၇ ရက်က အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေး စတင်ကျင်းပနေပြီဖြစ်ကြောင်း ရိုက်တာသတင်းကို ကိုးကား၍ Channel News Asia ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မကြာသေးမီ ရက်သတ္တပတ်များအတွင်း အကြမ်းဖက်မှုများ အရှိန်မြှင့်လာသဖြင့် လူပေါင်း ဆယ်ဂဏန်းမျှ ထပ်မံသေဆုံးခဲ့ရသည်။

ယခု အင်ဒိုနီးရှားနိုင်ငံ၏မြို့တော်၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် ကျင်းပနေသည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြခြင်း မရှိပေ။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချလိုက်ပြီးနောက် ထောင်နှင့်ချီ၍ တက်ကြွလှုပ်ရှားသူများကို ဖြိုခွင်းလျက် ဖမ်းဆီးနှိပ်ကွပ်ခဲ့ရာ လက်နက်ကိုင်တော်လှန်ရေးလည်း အရှိန်မြင့်လာသည်။

ထိုအဖြစ်အပျက်များကြောင့် မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ကြီးများကို အာဆီယံအဆင့်မြင့် အစည်းအဝေးများသို့ တက်ရောက်စေခြင်းအား ယမန်နှစ်ကတည်းက ပိတ်ပင်ခဲ့သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ်

မကြာသေးမီ ရက်သတ္တပတ်များအတွင်း မြန်မာနိုင်ငံ၏ အကြီးဆုံး အင်းစိန် အကျဉ်းထောင်ကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ ကချင်ပြည်နယ်တွင် အောက်တိုဘာ ၂၃ ရက် လေကြောင်းမှ တိုက်ခိုက်ခြင်း ဖြစ်စဉ်များကြောင့် လူ ၅၀ ထက် မနည်း သေဆုံးခဲ့ရကြောင်း ပြည်တွင်းမီဒီယာများက သတင်းဖော်ပြခဲ့ကြသည်။

မကြာခင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးမတိုင်မီ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မည်ကဲ့သို့ တွန်းအားပေးရမည်ကို အကြံပြုချက်များ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ယခုအစည်းအဝေး ခေါ်ယူကျင်းပခြင်း ဖြစ်ကြောင်း လက်ရှိအာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားက ပြောကြားထားသည်။

ယခု အင်ဒိုနီးရှားနိုင်ငံတွင် စတင်နေသည့် အစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးတာဝန် ယူထားခြင်းမရှိသည့် ကိုယ်စားလှယ်တစ်ဦး စေလွှတ်ပေးရန် ဖိတ်ကြားခဲ့သော်လည်း နစက-က သဘောမတူခဲ့ကြောင်း အိမ်ရှင် အင်ဒိုနီးရှား၏ ပြောကြားချက်ကို ရိုက်တာက ကိုးကားရေးသားသည်။

အာဆီယံသည် နိုင်ငံတကာ ငြိမ်းချမ်းရေး ကြိုးပမ်းမှုကို ဦးဆောင်နေသော်လည်း ယမန်နှစ်က အာဆီယံနှင့် သဘောတူခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အချက် ၅ ချက်ပါ ကတိကဝတ်များကို နစကဘက်က အနည်းငယ် အလေးထား၍ လုပ်ဆောင်ခဲ့ကြောင်း ရိုက်တာက ဆက်လက်ရေးသားထားသည်။

Source: Reuters, Channel News Asia