CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၂၇

လာမည့် ထိုင်းရွေးကောက်ပွဲအပြီး အဓိကအတိုက်အခံ ဖူထိုင်းပါတီ (Pheu Thai Party) နှင့် အစိုးရသစ်ဖွဲ့ရေး ဆွေးနွေးရန် အချိန်မတန်သေးကြောင်း လက်ရှိအာဏာရ ပလန်ပရာချာရတ်ပါတီ (PPRP)၏ လက်ထောက် ခေါင်းဆောင် ချိုင်ဝပ်သနက်မနူဆွန်က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်တွင် တွေ့ရသည်။

ဖူထိုင်းပါတီ၏ အလားအလာ ရှိသော မဟာမိတ်များသည် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအပေါ် ထောက်ခံမှု ရုပ်သိမ်းခြင်း အပါအဝင် အချို့သော ကြိုတင်သတ်မှတ်များနှင့် ပြည့်မီရမည်ဟု ဖူထိုင်းခေါင်းဆောင် ချော်နန် စရီကော၏ မှတ်ချက်ကို အထက်ပါအတိုင်း ချိုင်ဝပ်သနက်မနူဆွန်က တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

မစ္စတာချိုင်ဝပ်သည် လက်ရှိအစိုးရအဖွဲ့တွင် ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူ့အဖွဲ့အစည်းဝန်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်နေသည်။

ပလန်ပရာချာရတ်ပါတီ (PPRP)ကိုတွေ့ရစဉ်

“အစိုးရဖွဲ့ဖို့ ဆွေးနွေးရေးက စောလွန်းပါသေးတယ်။ ကျနော်တို့မှာ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်ရှိလဲ ဆိုတာ စောင့်ကြည့်ရမှာဖြစ်သလို နိုင်ငံရေးရာသီဥတု အခြေအနေကို ထည့်သွင်းစဉ်းစားပြီး တခြားပါတီတွေရဲ့ မူဝါဒတွေကိုလည်း ကြည့်ရဦးမှာပါ” ဟု မစ္စတာ ချိုင်ဝပ်က ရှင်းပြသည်။

“ဒါပေမယ့် ကျနော်တို့ အဓိကအာရုံစိုက်တာက ပြည်သူတွေရဲ့အကျိုးအတွက် လုပ်ဆောင်ဖို့ပါ။ ပြည်သူတွေကြား မှာ စိတ်ဝမ်းကွဲစေမယ့် ဘယ်ကိစ္စမျိုးမဆို အားပေးမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
စိစစ်လုပ်ကိုင်မှုနှင့် ထိန်းကျောင်းမှုစနစ် လိုအပ်နေသေးသဖြင့် လက်ရှိအဓိက နိုင်ငံရေးပါတီများနှင့် မဟာမိတ် ဖွဲ့ရန် မဖြစ်နိုင်သေးကြောင်း မစ္စတာချိုင်ဝပ်က အကြောင်းပြခဲ့သည်။

လာမည့် ရွေးကောက်ပွဲတွင် ထိုင်းလွှတ်တော်အမတ်များ အစုလိုက်အပြုံလိုက် ‘ဘက်ပြောင်း’ သွားပါက အာဏာရ ပါတီအပေါ် သက်ရောက်မှု ရှိ/မရှိ ဆက်လက်မေးမြန်းရာ မစ္စတာချိုင်ဝပ်က “ရွေးကောက်ပွဲမတိုင်မီ ဘက်ပြောင်းမှု များသည် ပုံမှန်ပင်ဖြစ်ကြောင်း” ဖြေကြားခဲ့သည်။

ဖူထိုင်းခေါင်းဆောင် ချော်နန်စရီကောကိုတွေ့ရစဉ်

ဘက်ပြောင်းသွားသည့်တိုင် မဲဆန္ဒရှင်ပြည်သူများသည် PPRP ပါတီ ဆိုင်းဘုတ်အောက်မှ ဝင်ရောက် ယှဉ်ပြိုင်ကြ သည့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများကို ဆက်လက် ထောက်ခံကြမည်ဟု မိမိယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပါတီတွင်း အကွဲအပြဲများကြောင့် လွှတ်တော်ကိုယ်စားလှယ်များ ဘက်ပြောင်းလေ့ ရှိသည့်ကိစ္စကို အပြစ်ပုံချခြင်း သာ ဖြစ်ကြောင်း၊ လမ်းလွှဲနေသော လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း ၎င်းတို့နှစ်သက်ရာ ပါတီများ နှင့်သာ ဆက်လက် လုပ်ကိုင်နိုင်ကြောင်း ၎င်းက မှတ်ချက်ချခဲ့သည်။

PPRP တွင် ဗိုလ်ချုပ်ကြီးပရာယွတ် ဆက်လက် ပါဝင်ရန် ရှိ/မရှိ ရှင်းရှင်းလင်းလင်း မသိရသဖြင့် ပါတီအတွက် အားနည်းချက် ဖြစ်သွားနိုင်သလား မေးခွန်းကိုလည်း မစ္စတာချိုင်ဝပ်က “ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီ၏ တစ်ဦးတည်းသော ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့ပြီး ယခုအထိ ပါတီက ၎င်းကို ထောက်ခံဆဲဖြစ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင်လည်း ဝန်ကြီးချုပ်လောင်းအဖြစ် ၎င်းကပင် ဆက်ရှိ နေဦးမည်”ဟု အတိအလင်း ပြောကြားခဲ့သည်။

Source: Bangkok Post