CNI International News

ကိယက်ဗ်၊ အောက်တိုဘာ ၂၇

ယူကရိန်းစစ်တပ်ကို ထောက်လှမ်းရေး အချက်အလက်များ မျှဝေရန်နှင့် သမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးနှင့် ဆွေးနွေးရန် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) ညွှန်ကြားရေးမှူး ဝီလျံဘန့်စ် (William Burns) သည် ယူကရိန်းနိုင်ငံသို့ ကြိုတင်ကြေညာခြင်းမရှိဘဲ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

၎င်း၏ခရီးစဉ်အတွင်း ကိယက်ဗ်အစိုးရကို ကာလရှည်ကြာစွာ ကျောထောက် နောက်ခံပြုရန် ဝါရှင်တန်၏ ကတိကဝတ်များကို ထပ်လောင်း ပြောကြားခဲ့ကြောင်း စီအင်န်အင်န် သတင်းကို ကိုးကား၍ အာရ်တီ သတင်းဌာနက ရေးသားဖော်ပြသည်။

၎င်းသည် ယခုလအတွင်း စစ်ဘေးဒဏ် ခံစားနေရသည့် ယူကရိန်းသို့ သွားရောက်ခဲ့ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက အတည်ပြုသည်ဟု စီအင်န်အင်န်က သတင်းရေးသားခဲ့သည်။

“သူ့ခရီးစဉ်မှာ ရုရှားရဲ့ရန်လိုမှုတွေကို ခုခံကာကွယ်ရာမှာ ယူကရိန်းကို ကူညီဖို့ အမေရိကန် ကတိကဝတ်တွေကို ထပ်ပြီး ခိုင်မာစေခဲ့တယ်” ဟု အဆိုပါအရာရှိက ပြောကြားသည်။

အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ)ရုံးချုပ်အတွင်းကိုတွေ့ရစဉ် (GETTY IMAGES)

သို့သော် ခရီးစဉ်နှင့်စပ်လျဉ်း၍ အခြားအသေးစိတ် အချက်အလက်များကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ဘန့်စ်သည် ယခုနှစ် အစောပိုင်းတွင် ယူကရိန်းသို့ နောက်ဆုံး လာရောက်ခဲ့သည်။ ထိုစဉ်က ရုရှားသည် အိမ်နီးချင်း ယူကရိန်း တိုက်ခိုက်မှု မစတင်ရသေးပေ။ ယင်းအချိန်၌ ဖြစ်ပေါ်လာနိုင်သည့် စစ်ရေး အခြေအနေများကို ဘန့်စ်က ယူကရိန်း အစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။

စီအိုင်အေညွှန်ကြားရေးမှူး၏ အဆိုပါ ခရီးစဉ်များသည် အမေရိကန်နှင့် ယူကရိန်းအကြား ထောက်လှမ်းရေး အပြန်အလှန် ဖလှယ်မှုကို ပြသနေခဲ့ကြောင်း၊ ယင်းပူးပေါင်း ဆောင်ရွက်မှုသည် ယူကရိန်းတပ်များ စစ်မြေပြင်တွင် များစွာ အကျိုးရှိစေခဲ့ကြောင်း အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးဆိုင်ရာ ကော်မတီအကြီးအကဲ၊ ဗာဂျီးနီးယားအထက်လွှတ်တော်အမတ် မာ့ခ်ဝါနာက ယခင်လတွင် ပြောကြားခဲ့သည်။

အမေရိကန်နှင့် ဗြိတိန် ထောက်လှမ်းရေး အရာရှိများသည် ယူကရိန်းအရာရှိများနှင့် လက်တွဲလုပ်ကိုင်ခဲ့ ကြ ကြောင်း၊ စစ်တပ်ချင်း ပေါင်းစပ်စွမ်းရည်ကို ဆက်လက် အသိအမှတ် ပြုပါကြောင်း ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

မော်စကိုသည် ယူကရိန်းတွင် ဗျူဟာမြောက် နျူကလီးယားလက်နက် ဖြန့်ကြက်လာနိုင်သည်ဟု အနောက်အုပ်စု ထင်ကြေးပေးနေချိန်တွင် ယခုကဲ့သို့ ဘန့်စ်၏ ကိယက်ဗ်မြို့တော် ခရီးစဉ်သတင်း ထွက်ပေါ်လာခဲ့သည်။

Source: အာရ်တီသတင်းဌာန