CNI International News
ဝါရှင်တန်၊ မတ်လ ၂၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက် မည့် အစီအစဉ်ကို နောက်ထပ် ၁၀ ရက် ထပ်မံ ရွှေ့ဆိုင်းပေးကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်က အဆိုပြုထားသည့် အချက် ၁၅ ချက်ပါ စီမံကိန်းအား အီရန်ဘက်က ပယ်ချခဲ့ပြီးနောက် ထရမ့်၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသ တစ်ခုလုံးသို့ ကူးစက်ပြန့်နှံ့သွားခဲ့သည့် အီရန် စစ်ပွဲကြောင့် လူပေါင်းသောင်းချီ သေဆုံးခဲ့ ရပြီး စွမ်းအင်နှင့် ဓာတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်ခဲ့ကာ ကမ္ဘာ့စီးပွားရေးမှာလည်း ငွေကြေးဖောင်းပွမှုဒဏ် ကို အကြီးအကျယ် ခံစားနေရသည်။
မတ်လ ၂၆ ရက်က အိမ်ဖြူတော်တွင် ပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေး၌ သမ္မတထရမ့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်ပါက ဖိအားများ ပိုမိုတိုးမြှင့်သွားမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။

အီရန်အလံကို တွေ့ရစဉ်
ထို့နောက် အီရန်၏ စွမ်းအင်စက်ရုံများကို တိုက်ခိုက်မည့် အစီအစဉ်အား ဧပြီလ ၆ ရက်အထိ ၁၀ ရက်တာ ဆိုင်းငံ့ ထားမည်ဖြစ်ကြောင်း ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
“မီဒီယာအတုတွေနဲ့ တခြားသူတွေက သတင်းအမှားတွေ လွှင့်နေကြပေမဲ့ ဆွေးနွေးမှုတွေကတော့ ဆက်ရှိနေ သလို အရမ်းလည်း အဆင်ပြေ ချောမွေ့နေပါတယ်”ဟု ထရမ့်က ရေးသားခဲ့သည်။
အီရန်အစိုးရဘက်ကမူ အမေရိကန်နှင့် မည်သည့် ဆွေးနွေးမှုမျှ ပြုလုပ်နေခြင်း မရှိကြောင်း ငြင်းဆိုထားသည်။
တစ်ဖက်တွင်လည်း သမ္မတထရမ့်က အမေရိကန်သည် အီရန်ရှိ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းနေသည်ဆိုသည်ကို အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
အထူးသဖြင့် လက်ရှိ စစ်ပွဲအတွင်း အီရန်၏ ထိပ်တန်း အဆင့်မြင့် အရာရှိကြီး အများအပြား လုပ်ကြံသတ်ဖြတ် ခံထားရသဖြင့် အီရန်အစိုးရအတွင်း မည်သူက အာဏာကို အမှန်တကယ် ထိန်းချုပ်ထားသနည်းဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။
Source: ရိုက်တာ
