CNI International News

နယူးဒေလီ၊ မတ်လ ၂၈

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင် ထောက်ပံ့မှုများ ပြတ်တောက်နေချိန်တွင် အိန္ဒိယအစိုးရသည် ဒီဇယ်နှင့် ဓာတ်ဆီအပေါ် ကောက်ခံသည့် အခွန်များကို လျှော့ချလိုက်ကြောင်း မတ်လ ၂၇ ရက်တွင် ကြေညာခဲ့ သည်ဟု CNA မှ ဖော်ပြခဲ့သည်။

အနောက်အာရှ (အရှေ့အလယ်ပိုင်း)တွင် ဖြစ်ပွားနေသော စစ်ပွဲ အခြေအနေကြောင့်  ပြည်တွင်းတွင် ဓာတ်ဆီနှင့် ဒီဇယ်အပေါ် ကောက်ခံသည့် အခွန်ကို လျှော့ချလိုက်ကြောင်း ဘဏ္ဍာရေးဝန်ကြီး နာမလာ စီတာရာမန် (Nirmala Sitharaman)က ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ရေနံစိမ်း အများဆုံး တင်သွင်းသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး ၎င်း၏ ရေနံလိုအပ်ချက် ၈၅ ရာခိုင်နှုန်းကျော်အတွက် ပြည်ပနိုင်ငံများကိုသာ အဓိကအားထားနေရသည်။

ထိုသို့ တင်သွင်းရာတွင် ရုရှားနိုင်ငံသည် အိန္ဒိယအတွက် အကြီးမားဆုံးသော ရေနံပံ့ပိုးပေးသည့် နိုင်ငံဖြစ်နေသည်။

အိန္ဒိယက စက်သုံးဆီဆိုင်ကို တွေ့ရစဉ်

ပြည်တွင်း သုံးစွဲသူများအား ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်မှ အကာအကွယ်ပေးရန်အတွက် ဓာတ်ဆီနှင့် ဒီဇယ် တစ်လီတာလျှင် အခွန် ၁၀ ရူပီး (၀.၁၁ ဒေါ်လာ) စီ လျှော့ချပေးလိုက်ကြောင်း ဘဏ္ဍာရေးဝန်ကြီး စီတာရာမန်က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ပြည်ပသို့ တင်ပို့မည့် ဒီဇယ်နှင့် လေယာဉ်ဆီများ အပေါ်တွင်မူ တစ်လီတာလျှင် ၂၁ ဒသမ ၅ ရူပီး (၀ ဒသမ ၂၃ ဒေါ်လာ) နှင့် ၂၉ ဒသမ ၅ ရူပီး (၀ ဒသမ ၃၁ ဒေါ်လာ) အသီးသီး အခွန်တိုးမြှင့် ကောက်ခံသွား မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

“ဒီလိုလုပ်ဆောင်ခြင်းက ပြည်တွင်းသုံးစွဲမှုအတွက် လိုအပ်တဲ့ စွမ်းအင်ထုတ်ကုန်တွေ လုံလောက်စွာရရှိဖို့ သေချာစေပါလိမ့်မယ်”ဟု  စီတာရာမန်က ဆက်လက် ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းပဋိပက္ခ စတင်ကတည်းက ရေနံဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းကြောင့် ကမ္ဘာတစ်ဝန်းတွင် စက်သုံးဆီစရိတ်များ မြင့်တက်ခဲ့သည်။

အိန္ဒိယမှာ စက်သုံးဆီထည့်ဖို့ စောင့်နေကြစဉ်

ထို့ပြင် အီရန်က စွမ်းအင်ကုန်သွယ်မှုအတွက် အရေးပါသော လမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)အား ပိတ်ဆို့လိုက်ပြီးနောက် ရေနံများ ပြတ်လပ်မည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

အိန္ဒိယရေနံဝန်ကြီး ဟာဒီးပ် ဆင်း ပူရီ (Hardeep Singh Puri) ကလည်း အိန္ဒိယအနေဖြင့် စွမ်းအင်ထောက်ပံ့မှု ကွင်းဆက်များနှင့် အခြေခံကုန်စည်များ၏ အခြေအနေ အရပ်ရပ်ကို အနီးကပ် စောင့်ကြည့်နေကြောင်း မတ်လ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

သို့သော် အိန္ဒိယတွင် လုံလောက်သော အရန်ရေနံအင်အား ရှိကြောင်းလည်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။

ရေနံဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မည်သည့် အခြေအနေတွင်မဆို အိန္ဒိယနိုင်ငံသားတိုင်းအတွက် ၂ လစာခန့် လုံလောက်သည့် ရေနံထောက်ပံ့မှု အသင့်ရှိနေကြောင်း ဖော်ပြထားသည်။

Source: CAN