CNI International News
ဘန်ကောက်၊ မတ်လ ၃၀
ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) သည် မတ်လ ၂၉ ရက်က နာခွန်းဖနွန် (Nakhon Phanom) ခရိုင်၊ သတ်ဖနွန် (That Phanom) မြို့နယ်ရှိ စက်သုံးဆီဆိုင် တစ်ဆိုင်သို့ ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ ကိုယ်တိုင်ကားဆီထည့်၍ သွားရောက်စစ်ဆေးခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့ သည်။
ထိုခရီးစဉ်အတွင်း ဝန်ကြီးချုပ် အနူတင်သည် ကားတစ်စီးကို ငှားရမ်းမောင်းနှင်ခဲ့ပြီး ဒေသခံ အရာရှိများကို ကြိုတင်အသိပေးခြင်းမရှိဘဲ ဆီဆိုင်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် သူသည် ဆီဆိုင်ပိုင်ရှင်နှင့် ခရိုင်တာဝန်ရှိသူများနှင့် စကားပြောဆိုခဲ့ပြီး စွမ်းအင်ကို ဆက်လက်ပြီး ဂရုတစိုက် ချွေတာသုံးစွဲကြရန်၊ ပြည်သူလူထုနှင့် ထိတွေ့ပြောဆိုမှုများကို ဆက်လက် ပြုလုပ်သင့်ကြောင်း တိုက်တွန်းခဲ့သည်။
တာဝန်ရှိသူများ၏ ပြောကြားချက်အရ နာခွန်းဖနွန်ခရိုင်တွင် လက်ရှိ၌ စက်သုံးဆီဆိုင် စုစုပေါင်း ၃၃၃ ဆိုင် ရှိပြီး ၎င်းတို့အနက် ၇၂ ဆိုင်မှာ လုပ်ငန်းကြီးမားသည့် ဆီဆိုင်ကြီးများဖြစ်ကာ သတ်ဖနွန်မြို့နယ် တစ်ခုတည်းတွင်ပင် ဆီဆိုင်ကြီး ၁၀ ဆိုင်ရှိကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် အနူတင် စက်သုံးဆီဆိုင်ကို စစ်ဆေးနေစဉ်
ဒီဇယ်ဆီ ထောက်ပံ့မှုမှာ ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိနေပြီဖြစ်ပြီး ခရိုင်အတွင်းရှိ မြို့နယ်အားလုံးတွင် ပုံမှန်အခြေအနေဖြစ်သည့် အစိမ်းရောင်အဆင့် (Green Level) သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အခြားသော စက်သုံးဆီ အမျိုးအစားများကိုလည်း ပုံမှန်အတိုင်း ဖြန့်ဖြူးပေးနေပြီး ယခင်က တွေ့ရှိခဲ့ရသည့် ဆီ တန်းစီ စောင့်ဆိုင်းရမှုများမှာလည်း လျော့ပါးသွားပြီဖြစ်သည်။
ပြည်နယ်အာဏာပိုင်များ အနေဖြင့် ပြည်သူလူထုထု၏ အသံကို နားထောင်ရန်နှင့် လာမည့် ဆောင်ခရမ် ရေကစား ပွဲတော် ကာလအတွင်း ခရီးသွားလာသူများအတွက် စက်သုံးဆီ လုံလောက်မှုရှိစေရန် စက်သုံးဆီ အခြေအနေကို အနီးကပ် စောင့်ကြည့်စစ်ဆေးရန်လည်း အနူတင်က မှာကြားခဲ့သည်။
Source: The Nation
