CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၀

မြန်မာနိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံဖြစ်သည့်အတွက် ပြည်တွင်း ဓာတ်မြေဩဇာကို လုံလောက်စွာ ထုတ်လုပ်ရန် လိုအပ်နေကြောင်း တောင်သူလယ်သမားများက ပြောသည်။

ပြည်တွင်းတွင် ဓာတ်မြေဩဇာများကို လုံလောက်စွာ မထုတ်လုပ်နိုင်သည့်အတွက် ပြည်ပမှတဆင့် ဈေးနှုန်းကြီး ပေးဝယ်နေရခြင်းကြောင့် တောင်သူများမှာ သွင်းအားစုစရိတ် မြင့်တက်မှု ဖြစ်ပေါ်နေကြောင်း၊ ပြည်တွင်းတွင် လုံလောက်စွာ ထုတ်လုပ်နိုင်ပါက သွင်းအားစုစရိတ် များစွာသက်သာသွားမည် ဖြစ်ကြောင်း တောင်သူလယ်သမား ဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လုံလောက်အောင် ထုတ်နိုင်ရင် အခု ပြည်တွင်းမှာ ထုတ်တာက ၄ သောင်း မကျော်ဘူး။ နိုင်ငံခြား တင်သွင်းတဲ့ ဥစ္စာက ၁ သိန်းလောက် ရှိတယ်။ ပြည်တွင်းထုတ်က မလုံလောက်လို့ပေါ့။ တကယ်လို့သာ ပြည်တွင်းမှာ လုံလုံလောက်လောက် ထုတ်နိုင်ရင် တောင်သူတွေအတွက် သွင်းအားစုစရိတ် လျှော့ချနိုင်တာပေါ့။ ကျွေးတဲ့ အာနိသင်ရဲ့ အလွန်မကွာဘူး။ အလွန်မကွာတဲ့အတွက် နိုင်ငံခြားက တင်သွင်းရတဲ့ မြေဩဇာ ဥပမာ အာမို၊ ကောမတ်စ် စသဖြင့် မိုးပုလဲ ဘယ်မြေဩဇာပဲဖြစ်ဖြစ် အဲဒါ ၁ အိတ် ဝယ်မယ့်အစား ဒီမှာဆိုရင် ၂ အိတ်ခွဲ လောက် ရတယ်လေ။ အဲဒါဆိုရင် cost တွေ အများကြီး လျော့ကျသွားမှာပေါ့။ ပြည်တွင်းထုတ်က ၃ သောင်းခွဲနဲ့ ၄ သောင်းပေါ့ အားလုံးပေါင်း သယ်ယူမှု ဝေးလံတဲ့အပေါ် မူတည်ပြီးတော့ ဈေးက ၃ သောင်းခွဲနဲ့ ၄ သောင်းကြားပေါ့။ အခု နိုင်ငံခြားကကောင်ကျတော့ ၁ သိန်းဝန်းကျင်ပေါ့။ တချို့ကောင်တွေက ၁ သိန်း ၁ သောင်းခွဲလောက်ရှိတယ်။ တစ်ချို့ကောင်တွေကျတော့ ၁ သိန်းနီးပါးလောက် ရှိတယ်” ဟု ပြောသည်။

တောင်သူများ စိုက်ပျိုးရေးလုပ်နေစဉ်

လက်ရှိတွင် မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အများဆုံး တင်သွင်းနေရကြောင်း၊ ဘင်္ဂလာဒေ့ရှ် နိုင်ငံကနေလည်း မှောင်ခိုလမ်းကြောင်းများမှ ဝင်ရောက်နေကြောင်း သိရသည်။

မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းလက်အောက်တွင် ဓာတ်မြေဩဇာစက်ရုံ(၅) ရုံ ရှိသော်လည်း အမှတ်(၄) ဓာတ်မြေ ဩဇာ စက်ရုံ(မြောင်းတကာ) နှင့် အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်) တို့တွင် MPE နာမည်ဖြင့် ထုတ်လုပ်လျက်ရှိသည်။

စက်ရုံ(၂)ရုံ၏ စုစုပေါင်း ထုတ်လုပ်မှုမှာ တစ်ရက်လျှင် တန် ၇၀၀ ခန့်ရှိကြောင်း၊ ကျန်စက်ရုံ (၃) ရုံမှာ သဘာဝ ဓာတ်ငွေ့ မရရှိခြင်းတို့ကြောင့် ရပ်ဆိုင်းထားကြောင်း သိရသည်။

ထို့အပြင် ပြည်တွင်းတွင် ထုတ်လုပ်သည့် ဓာတ်မြေဩဇာများသည် ယခင်က ထုတ်ပိုးမှုပုံစံကြောင့် အစိုဓာတ်ပြန်၍ ကြာရှည် အထားမခံသော်လည်း လက်ရှိမှာတော့ ထုတ်ပိုးမှုပုံစံ ကောင်းမွန်လာပြီဖြစ်သည်ဟု တောင်သူများက ပြောသည်။

သို့သော် ဓာတ်မြေဩဇာ အရောင်းဆိုင်များတွင် ပြည်တွင်း ဓာတ်မြေဩဇာများ မရှိသည့်အတွက် ပြည်ပမှ ဝင် ရောက်သည့် ဓာတ်မြေဩဇာများကိုသာ သုံးစွဲနေရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ တောင်သူ ဦးအောင်ကျော်မြက ပြောသည်။

ဓာတ်မြေဩဇာစက်ရုံကိုတွေ့ရစဉ်

၎င်းက “ပြည်တွင်းကထွက်တဲ့ ဓာတ်မြေဩဇာက ကျနော်တို့ ဘာပဲပြောပြော ယူရီယား ၄၆ ရာခိုင်နှုန်း ပါရင်တော့ သုံးကြမှာပါဗျ။ အခု မြန်မာကထွက်တဲ့ ဓာတ်မြေဩဇာက သိပ်များများစားစား အပြင်လောကမှာ ရောင်းလို့ မရှိ ဘူးဗျ။ ဌာနဆိုင်ရာလောက်ပဲ ရှိမယ်နဲ့တူတယ်။ ကျနော်တို့ ဓာတ်မြေဩဇာတွေကို ရောင်းကြတဲ့ ဓာတ်မြေဩဇာ အရောင်းဆိုင်တွေမှာက မြန်မာကထွက်တဲ့ ဓာတ်မြေဩဇာ သိပ်မတွေ့ဘူးလေ။ မတွေ့တဲ့အခါမှာ ကျနော်တို့က ရှိတာကို ဝယ်သုံးတာပေါ့နော် အဲလိုသဘောပေါ့။ မြန်မာကထွက်တဲ့ ဓာတ်မြေဩဇာလည်း ကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာက များများစားစား ဆိုင်တွေမှာလည်း မတွေ့ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံ စပါးသီးနှံစိုက်ပျိုးမှုတွင် မိုးစပါးဧက ၁၅ သန်း၊ နွေစပါး ဧက ၃ သန်း စုစုပေါင်း စပါးစိုက်ဧက ၁၈ သန်းအတွက် တစ်ဧက အထွက်နှုန်း တင်း ၁၀ဝ ထွက်ရှိဖို့ဆိုပါက စပါးတစ်ဧကလျှင် ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် သို့မဟုတ် ကွန်ပေါင်း ဓာတ်မြေဩဇာ ၃ အိတ်နှုန်း သုံးစွဲရန် လိုအပ်ပါသည်။

စပါးသီးနှံ တစ်ခုတည်း အတွက်ပင်လျှင် ဓာတ်မြေဩဇာ တန်ချိန် ၂ ဒသမ ၇ သန်းခန့် နှစ်စဉ်လိုအပ်မည်ဖြစ်ပြီး ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ အပါအဝင် သီးနှံအားလုံးအတွက် နှစ်စဉ်ဓာတ်မြေဩဇာတန်ချိန် သုံးသန်းကျော် လိုအပ်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ လေ့လာချက်များအရ သိရှိရပါသည်။

လေ့လာ တွေ့ရှိချက်များအရ ယူရီးယား ဓာတ်မြေဩဇာ မက်ထရစ် တစ်တန်အတွက် ကွင်းအရောက် ဈေးနှုန်းမှာ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၄၄၅ ဒေါ်လာရှိပြီး ကမ္ဘောဒီးယားတွင် အမေရိကန်ဒေါ်လာ ၄၁၀၊ ထိုင်းနိုင်ငံ တွင် အမေရိကန်ဒေါ်လာ ၄၀ဝ နှင့် ဗီယက်နမ်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၃၈၀ ရှိသဖြင့် မြန်မာနိုင်ငံ၏ ဓာတ်မြေဩဇာ ဈေးနှုန်းမှာ ဒေသအတွင်း အခြားနိုင်ငံများထက် ကြီးမြင့်လျက်ရှိပါသည်။