CNI News

၂၀၂၂ ခုနှစ်၊ မေလ ၉

အရပ်သားအစိုးရထံမှ အာဏာရယူထားသည့် တပ်မတော်မှ ဖိတ်ကြားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် တရားမဝင် အဖွဲ့ ဖြစ်သည့်အတွက် တက်ရောက်မှာ မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မှ နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း တပ်မတော်မှ အာဏာရယူပြီးနောက် နစကမှာ တရားမဝင်သည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ ထို့ကြောင့် တရားဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ခေါ်ပိုင်ခွင့်မရှိကြောင်း ၎င်းက ပြောသည်။

ပဒိုစောတောနီးက “ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ စစ်တပ်ဟာ တရားမဝင် အဖွဲ့အစည်း တစ်ခုဖြစ်တာနဲ့အညီ အဲလို တရားဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ခေါ်ပိုင်ခွင့် မရှိဘူးလေ။ သူကိုယ်တိုင်က တရားမဝင်တဲ့ဖြစ်သော ဒီအလုပ်ကို လုပ်ထိုက်လား၊ မလုပ်ထိုက်လားဆိုတာ သူ့ဟာသူတော့ သိဖို့သင့်တယ်ဆိုတာ ကျနော်တို့ အဲဒီလိုကိစ္စမျိုး ရှိနေတဲ့အခါ ကျနော်တို့ဖက်က ရှင်းတယ်လေ၊ ဒီလို တရားမဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲမျိုးကို ကျနော်တို့ ဘယ်လိုမှ သွားလို့မရဘူးဆိုတာ အခေါက်ခေါက် အခါခါ ပြောပြီးသားပါ၊ အဲဒါကြောင့် ကျနော်တို့ ရပ်တည်ချက်က ဒီလိုနိုင်ငံရေး ဆွေးနွေးပွဲကို ကျနော်တို့ ဝင်ပါပြီးတော့ မရဘူးဆိုတာ အဲဒီကိစ္စပါ ပါတယ် ”ဟု CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော် အနေဖြင့် နိုင်ငံရေးတွင် နှစ်ပေါင်း ၆၀ နီးပါး ဝင်ပါလာခဲ့ကြောင်း၊ ထို့ကြောင့် မဖြေရှင်းနိုင်သည့် ပြဿနာများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံရေးမှ စွန့်ခွာရမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ပြော သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဒေသကာကွယ်ရေးတပ် (PDF) တို့ကို အကူအညီ ပေးနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၄ ဖွဲ့မှာ တက်ရောက်မှာ မဟုတ်ကြောင်းကို ယခင်ကတည်းက မှတ်ချက်ပေးခဲ့ကြောင်း၊ လက်ရှိ တွင် တပ်မတော်ကို နိုင်ငံရေးမှ စွန့်ခွာရန် ပြောဆိုချက်မှ လက်တွေ့မကျကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

PPST ကိုယ်စားလှယ်များ

ဦးရဲထွန်းက “ တခြား အဖွဲ့အစည်းတွေက အားလုံး မပါဝင်ဘူး။ အထူးသဖြင့်တော့ NUG တို့၊ PDF တွေ မပါဝင်ပဲနဲ့ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲ ခေါ်တယ်ဆိုတာက ဒါ အဓိပ္ပာယ်မရှိဘူးဆိုတဲ့ဟာမျိုး ပြောတာရှိတာပေ့ါနော်၊ ဆိုတော့ အဲဒီလို ပြောတယ် ဆိုရင်တော့ ဒီပြောဆိုချက် ထောက်ပြချက်က အကျိုးအကြောင်းရှိတယ်လို့ ပြောရမှာပေါ့နော်၊ တပ်ကနေပြီးတော့ ဒီနိုင်ငံ ရေးကနေ စွန့်ခွာရမယ်ဆိုတဲ့ ဟာမျိုးက တကယ် ပြောမယ်ဆိုရင်တော့ တပ်ကလည်း ဒီ ၂၀၀၈ အခြေခံဥပဒေအရ သူတို့ရဲ့ လမ်းပြမြေပုံအတိုင်း သွားပြီးတဲ့ အခါမှာ နောက်ဆုံး တစ်နေ့မှာ နိုင်ငံရေးကနေ စွန့်ခွာဖို့ဆိုတာ ပြောထားပြီးသားပဲ၊ အထူး သဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောတာ ကျနော် ၂ ခါလောက် သတိထားမိတယ်၊ ဆိုတော့ ဒီရည်ရွယ်ချက် ကတော့ ရှိတယ်လို့ ဆိုရမှာပေါ့နော်၊ လောလောဆယ် အဲဒီက ဥစ္စာကို ထောက်ပြပြီးတော့ ပြောတာကတော့ သိပ်ပြီးတော့ လက်တွေ့ မကျဘူးလို့ ပြောနိုင်တာပေါ့ ”ဟု ပြောသည်။

နစက ဥက္ကဋ္ဌက လူကိုယ်တိုင် တွေ့မည်ဆိုခြင်းကြောင့် အားလုံး လက်ခံသဘောတူသည့် အနာဂတ် မြန်မာနိုင်ငံတော် အတွက် ဆွေးနွေးသင့်ကြောင်း ၎င်းက ပြောသည်။

UWSA

နစက ဥက္ကဋ္ဌက လက်ရှိ ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ် ကြောင်း ပြောကြားခဲ့သည်။

KNU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် ကရင်လက်နက်ကိုင် ဖြစ် သည်။

နစက၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA ထိုးထားသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက် ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)တို့ တက်ရောက်ကြမည် ဖြစ်သည်။

သို့သော် NCA ထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်မတော်(ABSDF)၊ ချင်းအမျိုးသား တပ်ဦး (CNF)တို့ကတော့ တက်ရောက်မည် မဟုတ်ကြောင်း အသီးသီး ထုတ်ပြန်ထားသည်။

အလားတူ NCA မထိုးထားသည့် လက်နက်ကိုင်များထဲကတော့ UWSA၊ NDAA တို့ တက်ရောက်မည်ဖြစ်ပြီး KIA၊ AA၊ TNLA၊ MNDAA၊ KNPP တို့ မတက်ရောက်ကြောင်း သိရသည်။