CNI News

၂၀၂၂ ခုနှစ်၊ မေ ၅

နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ချက်မှာ ပါဝင်သင့်သူ အားလုံးပါဝင်မှသာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပါဝင် မည်ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)က ယနေ့ (မေလ ၅ ရက်)မှာ ထုတ်ပြန်ခဲ့သည်။

နစကဥက္ကဋ္ဌ၏ ဧပြီ ၂၂ ရက်နေ့ မိန့်ခွန်းတွင် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုကို ကြားသိရကြောင်း၊ ထို့နောက် မေလ ၂ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးရန် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်မှ ထပ်ဆင့်အကြောင်းကြားစာလည်း လက်ခံရရှိကြောင်း KIO က ပြောသည်။

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးဆွေးနွေးခြင်းဖြင့် အဖြေရှာရန် လိုအပ်ကြောင်း KIO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

KIO က “ယခု ဖိတ်ခေါ်ချက်တွင် ပါဝင်သင့်သူအားလုံးကို ဖိတ်ခေါ်ခြင်း မရှိကြောင်း တွေ့ရှိရပါသည်။ နိုင်ငံ၏ အရေးအရာများ ကို ဆွေးနွေး အဖြေရှာမည်ဟူသော သဘောထား မပါရှိသည်ကို တွေ့ရှိရပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ EAO ခေါင်းဆောင်များ

ထိုအတွက်ကြောင့် ပါဝင်သင့်သူ အားလုံးပါဝင်ပြီး နိုင်ငံရေးအရာများကို တန်းတူဆွေးနွေးနိုင်သည့် အချိန်အခါနှင့် အခင်း အကျင်း ရောက်မှသာ ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နစက ဥက္ကဋ္ဌက လက်ရှိ ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ် ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ဒေသ ကာကွယ်ရေးတပ် (PDF) များနှင့် ဆွေးနွေးမည် မဟုတ်ကြောင်း နစကမှ ပြောကြားထားသည်။