CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၉

ရန်ကုန်တိုင်းဒေသကြီးတွင် ခရိုင်အလိုက် ၄ နာရီခြားတစ်ခါ လျှပ်စစ်မီးပေးမည်ဆိုသည်မှာ မှန်ကန်ကြောင်း လျှပ်စစ်ရုံးမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

လက်ရှိတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များတွင်သာ ယခုကဲ့သို့ ပြတ်တောက် နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဟုတ်တယ်။ ၄ နာရီခြားတစ်ခါ မီးပေးမယ်ဆိုတာ။ လောလောဆယ် simple အနေနဲ့ပေးနေတယ်။ ပြီးတော့မှ အားလုံးငြိမ်တယ် stable ဖြစ်တယ်ဆိုရင် public ကိုချပြမယ်။ အခုက အစမ်းပဲလုပ်နေတာ။ ကျန်တဲ့ အနောက် ပိုင်းနဲ့တောင်ပိုင်းနဲ့ကတော့ တောက်လျှောက်တစ်နေကုန် ၄ နာရီခြား ၄ နာရီခြားနဲ့ ပေးနေတယ်။ ကျနော်တို့ကျ တော့(အရှေ့ပိုင်း) ည ၉ နာရီကနေ မနက် ၅ နာရီအထိ တဘရိတ်ထဲရတယ်လေ။ တစ်ညလုံးရတယ်” ဟု ၎င်းက ပြောသည်။

လျှပ်စစ်မီး ပြတ်တောက်မှုများအား ဖြည့်စီးနိုင်ရန် မတ်လ ၁၂ မှ ၁၈ ရက်အထိ ရေအောက်ပိုက်လိုင်း ပြင်ဆင်သည့် လုပ်ငန်း လုပ်ဆောင်မည့်အတွက် အဆိုပါ ရက်များတွင် အချိန်အပိုင်းအခြားလိုက် လျှပ်စစ်မီးဖြန့်ဝေပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် အဆိုပါ ပိုက်လိုင်းလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် ၃၃၀ မဂ္ဂါဝပ် ပြန်ဝင်နေပြီဖြစ်ကြောင်း သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ CNI ၏ မေးမြန်းမှုကို ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ပြီးဖြစ်သော်လည်း ယနေ့ မတ်လ ၁၉ ရက်နေ့ နောက်ပိုင်းမှ စတင်ပြီး ၄ နာရီခြားတစ်ခါ ခရိုင်အလိုက် အလှည့်ကျပေးဝေမည်ဆိုသည့် အခြေအနေ ဖြစ်လာခဲ့သည်။

လျှပ်စစ်ရုံးမှ တာဝန်ရှိသူတစ်ဦးက “ပိုက်လိုင်းဆင်တာပြီးပေမယ့် energy တွေ ဟိုဟာတွေက လျော့နေတာလေ။ energy တွေ ရေအားတွေက လျော့နေတာလေ” ဟု CNI သို့ ပြောသည်။

လျှပ်စစ်မီးရရှိမည့်အချိန်နှင့် ပြတ်တောက်မည့် အချိန်များအား အုပ်စု အေ၊ အုပ်စု ဘီ ဟူ၍ ခွဲခြားထားသည်။

အုပ်စု အေ သည် မနက် ၅ နာရီမှ မနက် ၉ နာရီအထိ မီးရရှိမည်ဖြစ်ပြီး ယင်းအချိန်တွင် အုပ်စု ဘီ သည် လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကာ ၎င်းနောက် ၄ နာရီခြားတစ်ခါမှသာ လျှပ်စစ်မီးရရှိမည်ဖြစ်သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်ထဲတွင် ဗိုလ်တစ်ထောင်၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (မြောက်ပိုင်း)နှင့် (တောင်ပိုင်း)၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ရန်ကင်း၊ ပုစွန်တောင်၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ ဒေါပုံနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့ ပါဝင်သည်။

အနောက်ပိုင်းခရိုင်ထဲတွင် လမ်းမတော်၊ ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတား၊ ဆိပ်ကမ်း၊ ဒဂုံ၊ ဗဟန်း၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ လှိုင်၊ ကမာရွတ်နှင့် မရမ်းကုန်းမြို့နယ်တို့ ပါသည်။

မြောက်ပိုင်းခရိုင်တွင် လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လှည်းကူး၊ မှော်ဘီ၊ ထန်းတပင်နှင့် တိုက်ကြီးမြို့တို့ဖြစ်ကြပြီး တောင်ပိုင်းခရိုင်တွင် ဒလ၊ ဆိပ်ကြီးခနောင်တို၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ တွံတေး၊ ကော့မှူး၊ ခရမ်း၊ ကွမ်းခြံကုန်းနှင့် ကိုကိုးကျွန်းတို့ ဖြစ်ကြသည်။