CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ဧပြီ၊ မေ၊ ဇွန်လများကဲ့သို့ လျှပ်စစ်မီးအား အုပ်စုခွဲကာ အချိန် အပိုင်းအခြားဖြင့် ‌ပြန်ပေးမည်ဖြစ်ကြောင်း မြို့နယ် လျှပ်စစ်ရုံးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ပြောသည်။

ယခင်ကအလှည့်ကျဖြင့် ၄ နာရီလာ ၄ နာရီပျက်ဖြစ်ခဲ့သော်လည်း ယခုအခါတွင် ၃ နာရီလာ ၃ နာရီပျက်ဖြစ်ပြီး ညဘက် မပါကြောင်း ၎င်းက ပြောသည်။

၎င်းက "အကုန်လုံး သူ့အုပ်စုနဲ့သူ။ ရန်ကုန်အကုန်လုံးပဲ။ ကျနော်တို့က ဒီရက်ထဲမှာ ၂ အုပ်စုပဲဆို ၂ အုပ်စု လုပ်ပေးတယ်။ ၃ အုပ်စု ၃ အုပ်စု ပြန်ခွဲတယ်။ ၃ အုပ်စုဆိုရင်တော့ ၂ နာရီ တစ်ခါပေါ့။ ညဘက်ကတော့ မလုပ်ဘူး။ နေ့ခင်း နေ့လည် လုပ်နေတာ" ဟု ပြောသည်။

ယခင်က လျှပ်စစ်မီး ၄ နာရီလာ ၄ နာရီပျက်သည့်အချိန်တုန်းက အုပ်စု A နှင့် အုပ်စု B ဟူ၍ ခွဲကာ မီးလာ၊ မီးပျက် မည့် အချိန်စာရင်း ထွက်ရှိလာခဲ့ပြီး ယခုအခါတွင် ထိုကဲ့သို့ အချိန်စာရင်း ထွက်၊ မထွက် မသိရှိကြောင်း မြို့နယ် လျှပ်စစ်ရုံးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်းသာ ထိုသို့ အချိန်ပိုင်းဖြင့် လျှပ်စစ်မီးပေးမှုအား လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းကို မည်သည့် ရက် အတိုင်းအတာအထိ ဆက်လက်လုပ်ဆောင်သွားမည်ဆိုသည်ကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

ယခင် ၄ နာရီလာ ၄ နာရီ ပျက်ခဲ့စဉ်ကာလ၌ လုပ်ငန်းရှင်များ၊ ကုမ္ပဏီဝန်ထမ်းများ၊ စားသောက်ဆိုင်များ၊ အိမ်ရှင်မများအတွက် အဆင်မပြေမှုများဖြစ်တဲ့အပြင် အလုပ်နှောင့်နှေးမှုများ ကြုံခဲ့ကြရသည်။