CNI International News

ကဘူးလ်၊ နိုဝင်ဘာ ၁၁

အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီများ အားကစားခန်းမသို့ သွားလာအသုံးပြုခွင့်ကို ပိတ်ပင်ထားကြောင်း တာလီဘန် အကြီးတန်း အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် အယ်လ်ဂျာဇီးယားက ရေးသား ဖော်ပြသည်။

ပြီးခဲ့သည့် တစ်နှစ်ကျော် ကတည်းက အာဏာပြန်လည် ရလာခဲ့သည့် တာလီဘန်များသည် အမျိုးသမီး အခွင့် အရေးနှင့် လွတ်လပ်ခွင့်များကို နှိပ်ကွပ်လာခဲ့ရာ နောက်ဆုံးအမိန့် ထုတ်ပြန်ချက်ထဲတွင် အထက်ပါအတိုင်း ထပ်မံ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် တကျော့ပြန် အာဏာရလာခဲ့သည့် တာလီဘန်တို့သည် အများပြည်သူ အပန်းဖြေရာ ပန်းခြံများထဲသို့ ဝင်ရောက်ခွင့်ပြုရာတွင် ကျား/မ ခွဲခြားရန် အမိန့်ပေးခဲ့ပြီးနောက် လအတန်ကြာ၌ ယခုကဲ့သို့ နောက်ဆုံး တားမြစ်ပိတ်ပင်သည့်အမိန့် ဆက်လက် ထုတ်ခဲ့သည်။

တာလီဘန်တစ်ဦး ပန်းခြံအတွင်း သေနတ်လွယ်ပြီး စောင့်ကြည့်နေ(AP)

၎င်းတို့သည် အာဏာရခါစ ကနဦး ကတိကဝတ်များနှင့် ဆန့်ကျင်လျက် အလုပ်အကိုင် နယ်ပယ်အများစုထဲတွင် အမျိုးသမီးများ လုပ်ကိုင်ဆောင်ရွက်ခွင့် ကန့်သတ်ခြင်း၊ ဦးခေါင်းမှ ခြေဖျားအထိ လုံခြုံအောင် ဝတ်ဆင်စေခြင်း အပါအဝင် မိန်းကလေးငယ်များ အလယ်တန်းနှင့် အထက်တန်းကျောင်း တက်ခွင့်ကိုလည်း တားမြစ် ပိတ်ပင်ခဲ့ သည်။

သို့သော် အာဖဂန်ပြည်တွင်း၌ လူအများစုသည် ကျား/မ ခွဲခြားခြင်းဆိုင်ရာ အမိန့်များကို လျစ်လျူရှုကြပြီး အမျိုးသမီးများမှာ သတ်မှတ်ထားသော ခေါင်းစည်း (သို့မဟုတ်) ဟီဂျပ်ကို လုံခြုံစွာ မဝတ်ဆင်ကြသဖြင့် ယခု ကဲ့သို့ ထပ်မံတားမြစ်ပိတ်ပင်မှုများ ချမှတ်ရခြင်းဖြစ်ကြောင်း တာလီဘန်တို့၏ အကျင့်စာရိတ္တရေးရာဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အာကစားခန်းမများနှင့် ပန်းခြံများသို့ သွားလာလှုပ်ရှားခွင့်နှင့်ပတ်သက်ပြီး အမျိုးသမီးများအပေါ် တားမြစ်ပိတ်ပင် မှုသည် ယခု သီတင်းပတ်အတွင်း စတင် အသက်ဝင်ကြောင်း ၎င်းဝန်ကြီးဌာနမှ တာလီဘန် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်အကက်မိုဟာဂျာ (Mohammed Akef Mohajer) က ပြောကြားခဲ့သည်။

တာလီဘန်အစိုးရအဖွဲ့သည် အမျိုးသမီးများ ပန်းခြံနှင့်အားကစားခန်းမများသို့ သွားလာလှုပ်ရှားခြင်းကို တားမြစ် ရန်အတွက် ပြီးခဲ့သည့် ၁၅ လအတွင်း အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြသည်။ ထို့ပြင် အမျိုးသားနှင့်အမျိုးသမီး သီးခြားစီ ဝင်ရောက်ခွင့်၊ ကျား/မခွဲခြားမှုကို သီးခြားသတ်မှတ်သည့် ရက်သတ္တပတ်များကိုလည်း အမိန့်ထုတ်ခဲ့ သည်။

ဟီဂျပ်ဝတ်စုံ အပြည့်ဝတ်ထားသော အမျိုးသမီးများကိုတွေ့ရစဉ် (AP)

“ဒါပေမယ့် ကံမကောင်း အကြောင်းမလှချင်တော့ ကျနော်တို့ ထုတ်တဲ့အမိန့်တွေကို လူတွေက မလိုက်နာကြဘဲ စည်းကမ်းတွေ ချိုးဖောက်လာတဲ့အတွက် အခုလိုမျိုး အမျိုးသမီးတွေကို ပန်းခြံနဲ့ အားကစားခန်းမ ဝင်ခွင့်တွေကို ပိတ်ခဲ့ရတာ ဖြစ်ပါတယ်” မိုဟာဂျာက ရှင်းပြသည်။

“ဖြစ်စဉ်အများစုကို ကြည့်ရင် ပန်းခြံတွေထဲ အမျိုးသားတွေရော အမျိုးသမီးတွေပါ ဒွေးရောယှက်တင် အတူတူ တွေ့ခဲ့ရပါတယ်။ သူတို့က ဟီဂျပ်ဝတ်စုံလည်း ဝတ်ဖို့ မလိုက်နာကြဘူး။ ဒါကြောင့် နောက်ထပ် ဆုံးဖြတ်ချက်ချဖို့ ဖြစ်လာတဲ့အတွက် အခုအချိန်ကစပြီး အမျိုးသမီးတွေကို ပန်းခြံနဲ့ အာကစားခန်းမထဲ လုံးဝဝင်ခွင့်မပေးဖို့ အမိန့် ထုတ်လိုက်ရတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

အမျိုးသမီးများ အဆိုပါနေရာများသို့ ဝင်ထွက် သွားလာနေခြင်း ရှိ/မရှိ တာလီဘန်အဖွဲ့မှ တာဝန်ချထားသူများက စတင်စောင့်ကြည့်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

Source: Aljazeera