CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၁

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ထိုင်းသို့ MOU ဖြင့် အလုပ်သမား စေလွှတ်ခြင်းအား ခေတ္တရပ်နားထားသင့်ပြီး နိုဝင်ဘာလမှသာ ပြန်လည်စေလွှတ်သင့်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူ ကိုသားကြီးက “တချို့ အသက်အာမခံဆိုပြီး အေဂျင်စီက တင်ပေးတာတွေလည်း ရှိမယ်လေ။ နောက်တစ်ခု ကျနော်တို့နိုင်ငံရဲ့ အခြေအနေကို ပြန်ကြည့်ရမှာက အသက် အာမခံလုပ်ထားပေးတယ်လို့ ပြောရင်တောင်မှ ဘယ်လောက် ရမှာလဲပေါ့။ မြန်မာငွေ သိန်း ၃၀ လောက်၊ သိန်း ၅၀ လောက်နဲ့ ဘာလုပ်လို့ ရမှာလဲပေါ့။ မိမိရဲ့အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမှာ သိပါလျက်နဲ့ ဝင်တိုးတာ ကတော့ ဒါမဖြစ်သင့်တဲ့ ကိစ္စပေါ့။ နောက်တစ်ခု MOU လို့ ကျနော်တို့ပြောလိုက်ပေမယ့် ထိုင်းအစိုးရနဲ့ စာချုပ် ချုပ်တာ၊ ကျနော်တို့ လမ်းမှာလာတဲ့အချိန်မှာ ပြည်တွင်းထဲမှာပဲ တစ်စုံတစ်ရာဖြစ်ခဲ့ရင် ထိုင်းဘက်က ကျနော်တို့ ကုန်ထားတဲ့ work permit ကြေးတွေနဲ့ လူမှုဖူလုံရေးခ အသက်အာမခံကြေး သွင်းထားတာကလည်း ဘာမှ အကျုံးမဝင်သေးဘူးဖြစ်တယ်ပေါ့။ ဒါကြောင့် ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့လည်း မလောဘဲနဲ့ တိုက်ပွဲ ဖြစ်နေတဲ့ အခြေအနေလေးမှာ ထွက်လာရမယ့် ဒိတ်ရထားတဲ့လူတွေက ခဏစောင့်သင့်သလို သက်ဆိုင်ရာ အေဂျင်စီက ပိုပြီးတော့ အလုပ်သမားတွေထက် ပိုသိမှာဖြစ်တဲ့အတွက် ဆင်ဆင်ခြင်ခြင်လေးနဲ့ နောက်ထပ် ၁၅ ရက်လောက်အထိ ရက်ရွှေ့ပြီးတော့မှ နယ်စပ်ဒေသအခြေအနေ လုံးဝ နည်းနည်းလေးအေးသွားမှ ထွက်မယ်ဆိုရင် ပိုပြီးတော့ သင့်တော်မယ်လို့ ထင်တယ်” ဟု ၎င်းကပြောသည်။

မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF မှလည်း ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်ခြင်းအား မြေပြင်အခြေအနေ လေ့လာစိစစ်ပြီးမှသာ ဆောင်ရွက်သွားရန်နှင့် ကော့ကရိတ်နှင့် မြဝတီ အကြားတွင် စေလွှတ်ခွင့်ရသည့် အေဂျင်စီတချို့မှလုပ်သားများ ပိတ်မိနေပြီး အချို့မှာ ဘားအံ၊ ကျုံဒိုးတို့တွင် စောင့်ဆိုင်းနေရကြောင်း သိရှိရသည်ဟု ထုတ်ပြန်ထားသည်။

ပွင့်ဖူးအောင်အေဂျင်စီမှ ဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက ၎င်းတို့အနေဖြင့် အလုပ်သမားစေလွှတ်ရန် အောက်တိုဘာ ၁၈ ရက်နေ့တွင် မြဝတီသို့ တက်ရသည့်အဖွဲ့ဖြစ်သော်လည်း တိုက်ပွဲအခြေအနေကြောင့် လမ်းပိတ်လိုက်သည့်အတွက် ကော့ကရိတ်မြို့မှ ဘားအံသို့ ပြန်လည်ဆုတ်ခွာခဲ့ပြီး လက်ရှိတွင် ဘုန်းကြီးကျောင်း တစ်ခု၌ ယာယီနေထိုင်နေရကြောင်း CNI သတင်းဌာနသို့ ပြောသည်။

“ဆရာမတို့ မနေ့ညနေက(အောက်တိုဘာ ၂၀) ပြန်ပြီးဆုတ်လာတာလေ။ ကော့ကရိတ်ဘက်ကနေပြီး ကော့ကရိတ် ၇ တိုင်လား အဲဒီကနေ ပြန်ဆုတ်လာတာ။ မနေ့က နေ့ခင်း ၁ နာရီကမှ ပြန်ဆုတ်တာ ဒီကို ၃ နာရီလောက် ရောက်တယ်။ အခြေအနေက ဆရာမတို့တည်းတဲ့ အဲဒီနားအထိကို လက်နက်ကြီးအသံတွေက နီးလာတာ။နီးလာတော့ သူတို့ နယ်မြေခံတွေကပြောတယ် အခြေအနေမကောင်းတော့ဘူးတဲ့။ သေနတ်တွေ ဘာတွေဖောက်တာ ထမင်းဆိုင်တွေရဲ့ နောက်ကျောနားအထိကိုရောက်လာပြီတဲ့။ အဲဒါနဲ့ ကိုယ်ကလည်း ကလေးတွေအများကြီးနဲ့ဆိုတော့ ပြန်ဆုတ်လာလိုက်တာ။ အေဂျင်စီတွေအကုန်လုံးပါပဲ။ ဌာနရဲ့ ညွှန်ကြားချက် အတိုင်းလုပ်ရမှာဆိုတော့ ဌာနက ဘာပြောမလဲတော့မသိဘူးပေါ့နော်။ အဲဒါလေး ခဏစောင့်နေတယ်ပေါ့။ လမ်းခရီးအခြေအနေကလည်း သေချာမပြောနိုင်သေးဘူး။ ကလေးတွေကတော့ သူတို့က စောင့်ကြည့် ချင်သေးတယ်ဆိုလို့ ဆရာမ ဒီမှာထပ်ပြီးတော့ ကျောင်းတိုက်ကဆရာတော်ကို လျှောက်ပြီးတော့ ဒီမှာ ထားရမှာပေါ့။ တစ်ပတ်လောက်တော့ စောင့်ကြည့်လိုက်ဦးမယ်ပေါ့”ဟု ၎င်းက ပြောသည်။

ယခုရက်ပိုင်းအတွင်း အလုပ်သမားစေလွှတ်ရန်ရှိသည့် အေဂျင်စီများအနေဖြင့် လက်ရှိအခြေအနေရ မတက်လာ သင့်သေးကြောင်းနှင့် တက်လာပါက ဆက်သွား၍မရဘဲ စားစရိတ်၊ နေစရိတ် အကုန်ဒုက္ခရောက်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“နောက်တက်လာမယ့်သူတွေကတော့ အန္တရာယ်ကြားထဲ စွတ်မတိုးလာဖို့ပဲပေါ့။ မတက်လာသင့်ဘူးပေါ့လေ ဒီလိုအခြေအနေကြီးနဲ့ကတော့ အသက်ထက်တော့ ဘာမှ အရေးမကြီးဘူးပေါ့။ မတက်လာသင့်ဘူး။ တက်လာတဲ့အခါကျ ဒီမှာလာပြီး ပိတ်မိနေရင် ဒုက္ခရောက်တာပေါ့။ စားစရိတ်၊ နေစရိတ်တွေက အကုန် နှစ်ဆ သုံးဆတွေဖြစ်ကုန်တာ ဒီမှာ။ ထမင်းတစ်ပွဲ ၃၀၀၀ လောက်ကနေ အခု ဆရာမတို့ စားလာခဲ့တဲ့အထိဆိုရင် ၅၀၀၀၊ ၆၀၀၀ လောက်ဖြစ်သွားတယ်။ ရေသန့်တစ်ဘူး ၅၀၀ ကနေ ၈၀၀ အထိဖြစ်သွားတယ်။ ခေါက်ဆွဲတစ်ဘူး တစ်ထောင်လောက်ကနေ ၂၅၀၀ အထိ စားလာခဲ့ရတဲ့ ကလေးတွေရှိတယ်။ အခုစေလွှတ်သွားမယ့်သူတွေက စမတ်ကတ် ရထားပြီးသားဖြစ်တဲ့အတွက် လမ်းကောင်းတယ်၊ အခြေအနေကောင်းပြီဆိုရင် ကလေးတွေကို ပြောပြပြီးတော့ သူ့အဖွဲ့နဲ့သူက တစ်သုတ်ပြီး တစ်သုတ်လေး စေလွှတ်လို့ရနေတာပဲလေ အချိန်မရွေးလွှတ်လို့ ရသွားပြီ။ ဘာလို့ဆို စမတ်ကတ်တွေပါပြီးသားကို အကုန်လုံးက” ဟု ပွင့်ဖူးအောင်အေဂျင်စီမှ ဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက ပြောသည်။

ယနေ့(အောက်တိုဘာ ၂၁ ရက်) နံနက်အစောပိုင်းက ကရင်ပြည်နယ် ကော့ကရိတ်မြို့ အနောက်ဘက် ခနိမ်းမူရပ်ကွက်အပိုင်းတွင် KNLA ပူးပေါင်းတပ်များနှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ကရင်သတင်းဌာနတစ်ခုဖြစ်သည့် KIC ၏ရေးသားဖော်ပြချက်အရ သိရသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးသည် ထိုင်း-မြန်မာနှစ်နိုင်ငံအတွက် အလုပ်သမားစေလွှတ်ရေးနှင့် ကုန်သွယ်ရေးပြုလုပ်ရာတွင် အဓိကလမ်းတစ်ခုဖြစ်ကာ အောက်တိုဘာ ၁၅ ရက်နေ့က မြဝတီမြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁၈ ရက်နေ့မှစတင်၍ အာရှလမ်းမကြီး၌ တိုက်ပွဲများ ဖြစ်ပွားနေကာ လက်ရှိတွင် လုံခြုံရေးအရ ယာယီဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း သိရသည်။