CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း ရေလုပ်သားများသည် အကြောင်းအမျိုးမျိုးကြောင့် အလုပ်ဖြုတ်ခံရမှုမှာ များပြားလာကြောင်း ထိုင်းရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ပြောသည်။

ဇွန်လနောက်ပိုင်းမှစတင်ကာ ငါးဖမ်းလှေပိုင်ရှင်များအနေဖြင့် ပုံမှန်ထက် အစီးရေလျှော့ချလိုက်သောကြောင့် လစာ အပြည့်အဝမရရှိဘဲ အလုပ်ဖြုတ်ခံရကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သို့ပြောသည်။

"လှေက ၅ စီးရှိတဲ့လူဆို ၃ စီးထွက်မယ် ၂ စီးနားမယ်။ ဒါမျိုးတွေလုပ်တယ်။ အဲဒီလိုလုပ်တဲ့အချိန်မှာ အလုပ် သမားတွေ အလုပ်ပြုတ်တဲ့ ပြဿနာတွေ တက်တယ်။ တကယ့်တကယ်က အလုပ်က ဖြုတ်မယ်ဆိုရင် ကြိုပြော ရတာပေါ့။ အလုပ်သမားကို အလုပ်ရှင်ကနေ ဥပမာ တစ်လ ကြိုပြောရမယ်။ ပြီးရင် တစ်လ လစာ အပိုပေးပြီး တော့ ထုတ်ရတာ။ဒါ ဥပဒေအရ သူတို့ထုတ်ပြန်တာ။ တကယ့်တကယ် လက်တွေ့မှာကြတော့ အဲဒါတွေက မရှိဘူး။ မရှိဘူးဆိုတာက အလုပ်ရှင်တွေကပဲ မသိတာလား၊ အလုပ်ရှင်တွေကလည်း များသောအားဖြင့် သူတို့ဘက်ကနေ တာဝန်ယူရမယ့်အပိုင်းတွေဆို မသိတဲ့အပိုင်းကများတယ်။ တခါတလေကျ အလုပ်ရှင်နဲ့ ရေလုပ်သားတွေမှာ မန်နေဂျာတို့ စာရေးတို့ဆိုတာရှိတယ်။ အလုပ်ရှင်တွေက တိုက်ရိုက် ရေလုပ်သားတွေနဲ့ လုပ်အားခ၊ အခွင့်အရေးကိစ္စတို့ တိုက်ရိုက် မဆက်သွယ်ဘူး။ အခွင့်အာဏာ ပေးထားတဲ့ မန်နေဂျာတို့၊ စာရေးတို့၊ နောက်တခုက အလုပ်သမားတွေ ကြားထဲ အလုပ်သမားခေါင်း သူတို့မှာ အာဏာ အကုန်ပေးထားတာ။ သူတို့တွေ အပေါ်လည်း မူတည်တယ်။ သူတို့ကမလုပ်ပေးချင်တာ၊ သူတို့က မသိတာ အဲဒါမျိုးဆို အလုပ်သမားတွေဘက်က နစ်နာတယ်။ တော်တော်များများ လှေတွေနားတယ်ဆို ရေလုပ်သားတွေအနေနဲ့က လစာ အပြည့်မရဘဲ အထုတ်ခံ ရတာတွေ တော်တော်များများ ဖြစ်တယ်။ အလုပ်ရှိနေတဲ့လူကလည်း ရှိနေတာပေါ့" ဟု ၎င်းက ပြောသည်။

အလုပ်ဖြုတ်ခံရသည့် မြန်မာရွှေ့ပြောင်း ရေလုပ်သားဦးရေ အများအပြားရှိသလို အလုပ်ရပ်နားခံထားရသည့် မြန်မာရွှေ့ပြောင်း ရေလုပ်သားဦးရေမှာလည်း များပြားကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်း အမျိုးသမီးငယ်တစ်ဦး ငါးလုပ်ငန်းခွင်တစ်ခုတွင် တွေ့ရစဉ်(ဓါတ်ပုံ-DW)

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း ရေလုပ်သားအများစုသည် အလုပ်ရှင်နှင့်ချုပ်ဆိုထားသည့် စာချုပ်များအား ကိုယ်တိုင် သိမ်းဆည်းမထားဘဲ အလုပ်ရှင်ထံတွင် အပ်ထားကြသည့်အတွက် ယခုကဲ့သို့ လစာအပြည့်အဝမရရှိဘဲ အလုပ်ဖြုတ်ခံ၊ အလုပ်ရပ်နားခံရလျှင် တိုင်ကြားရန်အတွက် မလွယ်ကူလှသည့်အပြင် မိမိတို့၏ ရပိုင်ခွင့်များလည်း ဆုံးရှုံးကြောင်း ထိုင်းရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာရွှေ့ပြောင်း ရေလုပ်သား အများစုသည် ထိုအလုပ်တစ်ခုတည်းကိုသာ လုပ်ကိုင်တတ်သည့်အတွက် အလုပ် ဖြုတ်ခံရသည့် ရေလုပ်သားများထဲတွင် အထောက်အထား စာရွက်စာတမ်းများရှိသည်ဆိုပါက အခြားလှေတစ်ခု တွင် သွားရောက်လုပ်ကိုင်၍ ရကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်း ရေလုပ်သားများ အလုပ်ဖြုတ်ခံနေရခြင်းသာမက စက်ရုံ၊ အလုပ်ရုံ များတွင် လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကိုလည်း အကြောင်းမဲ့ အလုပ်ဖြုတ်ပစ်ခံရခြင်း မှာလည်း များပြားလာကြောင်း ထိုင်းရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာန သို့ပြောသည်။

ဒါ့အပြင် မြန်မာရွှေ့ပြောင်းလုပ်သားများအား အလုပ်ရှင်မှ စာရွက်စာတမ်းတစ်ခုခုတွင် လက်မှတ်ထိုးခိုင်းသည့် အခါတွင် အကြောင်းအရာ တစ်စုံတစ်ရာ မသိရှိဘဲ လက်မှတ်ထိုးလိုက်ပြီးနောက် အလုပ်ထုတ်ခံရသည်ကို အများအပြား တွေ့လာရကြောင်း MWRN မှ အလုပ်သမားတာဝန်ခံ ဦးဘရီက CNI သတင်းဌာနသို့ပြောသည်။

ရေလုပ်ငန်းခွင်တစ်ခု

“အဓိကက အလုပ်သမားတွေက နားမလည်ကြဘူး။ လက်မှတ်မထိုးနဲ့ဆိုလည်း တစ်ချို့က ကြိုတင်ပြီးတော့ လက်မှတ်ထိုးတယ်။ လက်မှတ်ထိုးလိုက်တဲ့အခါ ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေအရ အလုပ် မတရားထုတ်ခံ ထိတဲ့အခါ နစ်နာကြေးအနေနဲ့ လုပ်တဲ့အလျောက်ပေါ့။ ရရှိတယ်။ အဲဒီလိုလုပ်တဲ့ အလျောက်ရရှိတာကို တချို့ အလုပ်သမားတွေက နားမလည်တဲ့အခါ အလွယ်တကူ ထိုးပေးလိုက်တဲ့အတွက်ကြောင့် အဲဒီလိုအလုပ်ထုတ်ခံ ထိတာတို့ဘာတို့ အခုဆိုရင် တော်တော်များများရှိလာတယ်။ တရားဥပဒေကို ရွှေ့ပြောင်းအလုပ်သမားတွေ တော်တော်များများက နားမလည်ကြဘူး။ လက်မှတ်ထိုးပြီဆိုရင် နစ်နာကြေးတွေအတွက် ထိထိရောက်ရောက် ရသင့်ရထိုက်တဲ့ နစ်နာကြေး၊ အခွင့်အလမ်းတွေကို ဆုံးရှုံးမှုတွေဖြစ်နေတာ။ ဘာလို့ဆို လက်မှတ်ကြိုတင် ထိုးလိုက်တဲ့အခါ နစ်နာကြေးငွေ ငါးသောင်း(ဘတ်ငွေ) ရမယ့်နေရာမှာ တစ်သောင်းလောက်ပဲရမယ်၊ နှစ်သောင်း လောက်ပဲ ရမယ်။ အဲဒီလိုပေါ့ အလုပ်ရှင်တွေက ခရီးစရိတ်လောက်ပဲပေးလိုက်ပြီးတော့ အလုပ်ထုတ်တာမျိုးတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံသည် မြန်မာရွှေ့ပြောင်းလုပ်သား အများဆုံး နေထိုင် အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံတစ်ခုဖြစ်ပြီး အထောက်အထားမဲ့နှင့် အထောက်အထားအပြည့်အစုံရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ သန်းနှင့်ချီရှိကြောင်း သိရသည်။

ထို့အပြင် မြန်မာရွှေ့ပြောင်းလုပ်သားအများစုသည် ထိုင်းနိုင်ငံမှပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်ပတ်သက်၍ မသိရှိ ကြသည်မှာ များပြားသောကြောင့် အလုပ်ရှင်များထံမှ ခေါင်းပုံဖြတ်ခံရခြင်းများအား ကြုံတွေ့နေကြကြောင်းလည်း သိရသည်။