CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃

ထိုင်းအာဏာပိုင်များမှ ထုတ်ပေးထားသည့် ဘတ်ပန်းရောင်ကတ် (ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်) ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် သက်သေခံလက်မှတ်(Certificates of Identity-CI) ထုတ်ပေးရန် ထိုင်းအစိုးရက မြန်မာနိုင်ငံအလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ ကမ်းလှမ်းထားကြောင်း သိရသည်။

နှစ်နိုင်ငံမှ သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနတို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အောက်တိုဘာ ၆ ရက်နေ့က တွေ့ဆုံ ဆွေးနွေးကြစဉ် ယခုလို ထိုင်းဘက်မှ ကမ်းလှမ်းလာခြင်းဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန၊ ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသူရိန်လင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ထိုင်းအစိုးရကတော့ သူတို့နိုင်ငံမှာ ရောက်နေတဲ့ တရားမဝင် လုပ်သားတွေပေါ့။ အဓိကကတော့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံရှိတာကို။ ၃ နိုင်ငံမှာရှိတဲ့ လုပ်သားတွေနဲ့ ပတ်သက်ပြီးတော့မှ ၂၀၂၀ တုန်းက တစ်ကြိမ်ပေါ့။ ၂၀၂၁ တုန်းကလည်း တစ်ကြိမ်ပေါ့။ ပြီးရင်အခု ၂၀၂၂ မှာလည်း လက်ရှိလည်း ထုတ်ပေးနေတာပေါ့ ပန်းရောင်ကတ်။ ပန်းရောင်ကတ် ဆိုတာကတော့ ယာယီနေထိုင် လုပ်ကိုင်ခွင့်ဆိုတော့ လက်ရှိတော့ ထုတ်ပေးနေ တယ်။ အဲဒီထုတ်ပေးတဲ့ အလုပ်သမားတွေကို ကျနော်တို့နိုင်ငံကနေ ပြန်ပြီးတော့မှ မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်ပေါ့နော် CI ထုတ်ပေးဖို့ဆိုပြီး ကမ်းလှမ်းလာတာပေါ့။ အခုသူတို့ ကျနော်တို့ဆီကို ကမ်းလှမ်း လာတာကတော့ ၂၀၂၁ ခုနှစ်တုန်းက ထုတ်ပေးထားတဲ့ ပန်းရောင်ကတ်တွေကို CI ထုတ်ပေးဖို့ ဆိုပြီးတော့ ပထမ အဆင့် ကမ်းလှမ်းလာတာပေါ့။ အဲဒီကမ်းလှမ်းတဲ့ဟာကိုပဲ ကျနော်တို့ ကနဦးထုတ်ပေးဖို့ ပြင်ဆင်ဆောင်ရွက် နေ တယ်။ ပန်းရောင်ကတ်ကတော့ ခရိုင်အတွင်းမှာပဲ နေထိုင် လုပ်ကိုင်ခွင့် ရတာပေါ့နော်။ CI ကတော့ ကျနော်တို့က ထိုင်းနိုင်ငံထဲမှာ လွတ်လပ်စွာ သွားလာခွင့် ရှိတာပေါ့နော်” ဟု ပြောသည်။

 သက်သေခံလက်မှတ် ထုတ်ပေးသည့် ရုံးကိုတွေ့ရစဉ်

လက်ရှိတွင် သက်သေခံ လက်မှတ် CI စာအုပ်၏ သက်တမ်းမှာ ၄ နှစ်ရှိပြီး ထိုစာအုပ်ထုတ်ပေးမည့် အချိန်ကာလ အား ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်၍ CI စာအုပ် ကိုင်ဆောင်ထားပြီးသား မြန်မာရွှေ့ပြောင်း လုပ်သားများအား သက်တမ်းတိုးရန်အတွက် သက်တမ်းတိုး စခန်းများ ဖွင့်လှစ်ကာ လုပ်ဆောင်လျက်ရှိသည်။

ထိုင်းရောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သားများသည် ဘတ်ပန်းရောင်ကတ် လုပ်သည့်အခါမှာ ကုန်ကျစရိတ် အများအပြား ကျခံ၍ ပြုလုပ်ခဲ့ရသလို ယခု CI စာအုပ် လုပ်ဆောင်သည့် အခါတွင်လည်း ကုန်ကျ စရိတ်မှာ ဘတ် ၁၀၀၀၀ (တစ်သောင်း)ကျော် ကုန်ကျကြောင်း ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသည့် ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ထိုင်းက သူက ဘတ်ပန်းရောင်ကတ်လို့ခေါ်တဲ့ ယာယီ အလုပ်သမား လက်မှတ်ပေါ့ဗျာ၊ ဒီတစ်ခုကို ထုတ် ပေးလိုက်ပြီ။ ဒီလက်မှတ် တစ်ခုကို လုပ်တဲ့ အချိန်မှာလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက လူ တစ်ယောက်ကို ဘတ်တစ်သောင်း ငါးထောင်ကနေ တစ်သောင်း ခုနှစ်ထောင်အထိ ကုန်တယ်။ ဒီ CI စာအုပ်က ပတ်စပို့စ် မဟုတ်ဘူး။ ပတ်စပို့စ် မဟုတ်တဲ့ ယာယီအလုပ်သမားတွေအတွက် အထောက်အထား ဖြစ်စေမယ့်ဟာ ဖြစ်တဲ့အတွက် ဘတ် တစ်ထောင် မကျော်သင့်ဘူးပေါ့။ စာအုပ်တစ်အုပ်ကို တစ်ထောင်နဲ့မရဘဲ တစ်သောင်းကျော် အထိ လုပ်ရတာက လုံးဝမဖြစ်သင့်တဲ့ ကိစ္စဗျာ။ တချို့ကျတော့လည်း CI လုပ်ချင်ပေမယ့် နယ်မြေတစ်ခုနဲ့တစ်ခု ကျော်လွန်သွားရတဲ့အခါမှာ ကုန်ကျစရိတ်တွေများလို့ မလုပ်ဘူးပေါ့။ နောက် CI စခန်းမှာ တာဝန်ကျတဲ့ လူတွေက လည်း သူတို့ရဲ့ လုံခြုံရေးအရ သူတို့ဟာ သူတို့အတွက် လုံးဝ safe ဖြစ်မယ့် နေရာမျိုးလောက်ကိုပဲ သေချာမယ် ဆိုတဲ့ နေရာမျိုးလောက်ကိုပဲ CI စခန်းတွေ ဖွင့်တာကို တွေ့ရတယ်။ ဒါကြောင့် CI စခန်းတွေက နည်းတယ်လို့ ပြောလို့ရတာပေါ့” ဟု ပြောသည်။

သက်သေခံလက်မှတ် ထုတ်နေကြသူများကိုတွေ့ရစဉ်

ထို့ကြောင့် ဘတ်ပန်းရောင်ကတ် ပြုလုပ်ထားသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား CI စာအုပ်ထုတ်ပေးသည့် အခါတွင် စခန်းအများအပြား ဖွင့်လှစ်၍ လုပ်ဆောင်ပေးသင့်ကြောင်း၊ ထိုမှသာ မြန်မာရွှေ့ပြောင်းလုပ်သား အများ အပြား CI စာအုပ် ရရှိကြမည်ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြော သည်။

လက်ရှိတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ သန်းနှင့်ချီရှိကြောင်း၊ ထိုအထဲတွင် တရားမဝင် အထောက်အထားမဲ့ လုပ်ကိုင်နေသူများလည်း အများအပြား ရှိကြောင်း သိရသည်။

အဆိုပါ ရွှေ့ပြောင်း လုပ်သားများအား ထိုင်းအာဏာပိုင်များမှ ဘတ်ပန်းရောင်ကတ် (ယာယီနေထိုင် အလုပ်လုပ် ကိုင်ခွင့် လက်မှတ်) ထုတ်ပေးလျက်ရှိရာ ဘတ်ပန်းရောင်ကတ် လုပ်ထားသူ မြန်မာရွှေ့ပြောင်း လုပ်သားဦးရေမှာ လေးသိန်းကျော် ရှိပြီဖြစ်ကြောင်း သိရသည်။