CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅

မလေးရှားတွင် ရီကာလီဘရာစီပါမစ် (RTK 2.0) စတစ်ကာများကို ဇွန်လကုန် နောက်ဆုံးထား၍ အပြီးအစီး ထုတ်ပေးသွားမည်ဖြစ်ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မလေးရှားနိုင်ငံရှိ မြန်မာ အပါအဝင် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းများအား ပါမစ် ပြုလုပ်ရန် မှတ်ပုံတင်စာရင်း ပေးသွင်းခြင်းကို ၂၀၂၃ ခုနှစ်တွင် ခွင့်ပြုပေးထားခဲ့သည်။

ထို့နောက် ဒီဇင်ဘာလကုန်တွင် သတ်မှတ်ကာလ ကုန်ဆုံးသွားပြီဖြစ်၍ စာရင်းပေးသွင်းမှု ရပ်ဆိုင်းလိုက်သည်။

ထို့ကြောင့် ယခုကာလမှ ပါမစ်အတွက် မှတ်ပုံတင်စာရင်း ပေးသွင်းမည်ဆိုပါက မလွယ်ကူကြောင်း နှလုံးလှ ပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့မှ ဥက္ကဋ္ဌ ကိုသက်က CNI သတင်းဌာနသို့ ပြောသည်။

မလေး လ.ဝ.က ဝန်ကြီးမှ RTK 2.0 လုပ်ငန်းစဉ်အား လာရောက်ကြည့်ရှုစဉ်

၎င်းက “လောလောဆယ် မရသေးဘူး။ လုပ်လို့ရမှာ မဟုတ်သေးဘူး။ တရားဝင် register က ၂၀၂၃၊ ၁၂ လပိုင်းမှာ ပိတ်သွားပြီ။ အခုမှ ၂၀၂၄ ထဲမှ အလည်ဗီဇာတွေနဲ့ ဝင်လာတာတွေ၊ အောက်လမ်းကတက်လို့ စာအုပ်ပါလာတာ ဖြစ်ဖြစ်(ပတ်စပို့) လုပ်လို့ လောလောဆယ် မလွယ်သေးဘူး။ တရားဝင်တော့ မလွယ်သေးဘူးပေါ့။ တရားဝင် အစိုးရကလည်း မပေးသေးဘူး။ လုပ်ဖို့လည်း လွယ်မှာ မဟုတ်သေးဘူး။ ပါမစ်အတု၊ အစစ်ဆိုတာ RTK ၂၀၂၃၊ ၁၂ လပိုင်းမကုန်ခင်မှာ ထုတ်ထားတဲ့ ဥစ္စာတွေ ဆေးစစ်တာက ပြဿနာမရှိဘူး။ လက်ဗွေနှိပ်တဲ့ အခါမှာ immigration ရုံး သွားနှိပ်ရမယ်လေ။ immigration ရုံးကို သွားမနှိပ်ဘဲနဲ့ စတစ်ကာတွေ ထွက်လာတယ်၊ ပါမစ် ရတယ်ဆိုတာ ဒါကတော့ အတိအကျ အတုလေ။ တချို့ကြတော့ လူ‌ဟောင်းတွေကိုမေး၊ စစ်လို့ရတဲ့ အနေအထား တွေရှိတယ်၊ ပါမစ်ထွက်လာရင် ကိုယ့်ပတ်စပို့ နံပါတ်နဲ့ နာမည်နဲ့ စစ်လို့ရတဲ့ အနေအထားတွေ ရှိတယ်” ဟု ပြော သည်။

အဆိုပါ ပါမစ်မှတ်ပုံတင်စာရင်း ပေးသွင်းပြီးသူများအနေဖြင့် လုပ်ငန်းရှင်သူဋ္ဌေး၏ အတည်ပြုခြင်း၊ လက်ဗွေနှိပ် ခြင်း၊ ဆေးစစ်ခြင်း စသည့် လုပ်ငန်းစဉ်များအား မတ်လကုန်အထိ နောက်ဆုံးထား ပြုလုပ်ရမည်ဖြစ်ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

၎င်းအတည်ပြုခြင်းလုပ်ငန်းစဉ်အား မတ်လကုန်တွင် အပြီးသတ်မည်ဖြစ်ကာ ထပ်မံသက်တမ်းတိုးခွင့်ပေးမည် မဟုတ်ကြောင်းလည်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ကြီးမှ ပြောဆိုထားသည်။

ပါမစ်မှတ်ပုံတင်စာရင်းပေးသွင်းသူ ဦးရေနှင့်ပတ်သက်၍ မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ အတိအကျ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသော်လည်း ပါမစ်မှတ်ပုံတင်စာရင်းမပေးသွင်းရသေးသူဦးရေသည် မလေးရှား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃၀ ရာခိုင်နှုန်းခန့် ကျန်ရှိနိုင်သေးသည်ဟု မလေးရှားရောက် မြန်မာများက ခန့်မှန်းကြသည်။

 တာဝန်ရှိသူတစ်ဦးမှ ရီကာလီဘရာစီပါမစ် (RTK 2.0) ထုတ်ပေးနေစဉ်

မလေးရှားတွင်နေထိုင်နေသူ မချစ်သဲက “၃ လပိုင်းအထိက လက်ဗွေနှိပ်တာ နောက်ဆုံးပိတ်တယ်လို့ ပြောတယ် ပေါ့။ ၆ လပိုင်းအထိကြတော့လည်း နောက်ဆုံး စတစ်ကာထုတ်တာပိတ်တယ်လို့ ပြောပေမယ့်လို့ ဒါ လ.ဝ.က အနေနဲ့လည်း ဥပဒေအပြောင်းအလဲ လုပ်ချင်ရင်လည်း လုပ်လို့ရသေးတာပေါ့လေ။ ဘာဖြစ်လို့လဲဆို မလေးရှား တစ်နိုင်ငံလုံးမှာရှိတဲ့ ကုမ္ပဏီတွေ အကုန်လုံးကို work permit ဖွင့်ထားပေးတာဖြစ်တဲ့အတွက်ကို သူတို့ရဲ့ လ.ဝ.က အနေအထားကလည်း အလုပ်ပြီးချင်မှ ပြီးမှာလေ။ အဖမ်းအဆီးကတော့ နေရာတိုင်းမှာ တော်တော်များများကို ဖမ်းနေတယ်။ ညတိုင်းနီးပါး။ တချို့ရပ်ကွက်ဆို နေ့လည်တောင်မှ ဖမ်းနေတယ်။ အဖမ်းအဆီးက အရမ်းစိပ်တယ် လို့ ပြောရမှာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထိုပါမစ်လျှောက်ထားသည့်အခါတွင် နိုင်ငံကူးလက်မှတ်စာအုပ်နှင့် အလုပ်ရှင်သူဋ္ဌေး ရှိသူများသာ လျှောက်ထား နိုင်ခြင်းဖြစ်သည့်အတွက် သံရုံးမှ ထုတ်ပြန်ထားသည့် ဝင်ငွေခွန် ပေးဆောင်ရမည့်သူများထဲတွင် လက်ရှိ ပါမစ် လျှောက်ထားသူများလည်း ပါနိုင်ကြောင်း မလေးရှားတွင်နေထိုင်သည့် မြန်မာများက သုံးသပ်ကြသည်။

မလေးရှားနိုင်ငံတွင် လက်ရှိ အဖမ်းအဆီးများနေပြီး ပီနန်ခရိုင်တွင် ဇန်နဝါရီ ၁၃ ရက် စနေနေ့ ညပိုင်းက ပြုလုပ် သည့် ‌မြန်မာဖျော်ဖြေပွဲတစ်ခုအား မလေးရှားလူဝင်မှုကြီးကြပ်ရေးမှ ဝင်ရောက်စစ်ဆေးရာ အဆိုတော် အေမီစျာန် နဲ့ မော်ဒယ် ဖူးပွင့်ခိုင်တို့အပါအဝင် မြန်မာနိုင်ငံသား ရာနှင့်ချီ ထိန်းသိမ်းခံလိုက်ရခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံရမှုသည် အော်ပရာစီ စီမံချက်ဖြင့် ဖမ်းဆီးခြင်းမျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်မှ ဆူပူမှုဖြင့် တိုင်ကြား ကြခြင်း ဖြစ်ကြောင်းလည်း မလေးရှားတွင်နေထိုင်သည့် မြန်မာများထံက သိရသည်။