CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃

မလေးရှားရှိ UNHCR ကတ် ကိုင်ဆောင်သူများ အားလုံးအနေဖြင့် ခြေရာခံစနစ်ဖြစ်သည့် Tracking Refugees Information System (TRIS)၌ မှတ်ပုံတင်ရမည် ဖြစ်သော်လည်း ဒုက္ခသည်ကတ် ကိုင်ဆောင်ထားသည့် မြန်မာ အများစုမှာ ထိုခြေရာခံစနစ်တွင် မှတ်ပုံမတင်ကြကြောင်း မြန်မာအဖွဲ့အစည်းများက ပြောသည်။

မလေးရှား ပြည်ထဲရေးဝန်ကြီးက မလေးရှားနိုင်ငံအတွင်းရှိ UNHCR ဒုက္ခသည်ကတ် ကိုင်ဆောင်ထားသူများ၏ တည်နေရာအား စောင့်ကြည့်ရန်အတွက် TRIS ကို သတ်မှတ်ခဲ့ခြင်းကြောင့် မြန်မာအများစုမှာ လက်ရှိအချိန်ထိ မှတ်ပုံမတင်ကြခြင်းဖြစ်ကြောင်း မြန်မာအဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။

Alliance of Chin Refugees (ACR)မှ အတွင်းရေးမှူး စတီဗင်က “စိုးရိမ်မှုလည်း ရှိတယ်။ စိုးရိမ်မှုက တစ်ပိုင်း။ နောက်တစ်ချက်ကတော့ ကိုယ့်မှာ အထောက်အထား ခိုင်ခိုင်လုံလုံ UN ကတ် ရှိပြီးသား ကိုင်ထားပြီးသားလူတွေ ဖြစ်တဲ့အတွက်ကြောင့် သွားလုပ်တော့လည်း ဘာမှမထူးဘူး ဆိုတာလည်း ပါတာပေါ့နော်။ ကျနော်တို့က UN ကတ် ကိုင်ဆောင်ထားတဲ့သူတွေကျတော့ UN ဒုက္ခသည် အသိအမှတ်ပြုတဲ့လူတွေ ဖြစ်တယ်ပေါ့။ ဒီ TRIS က သွားလုပ်လိုက်တော့ ဘာမှ အကျိုးအမြတ် ရှိတာမျိုး မဟုတ်ဘူးပေါ့။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ဒီ ဒုက္ခသည်တွေက ဘယ်နေရာ၊ ဘယ်ရပ်ကွက်၊ ဘယ်မှာနေတယ် ဆိုတဲ့ဟာကို သူတို့က သိချင်တာမျိုးရှိတယ်။ UN ကတ် ကိုင်တဲ့သူတွေကျတော့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရတာဖြစ်တဲ့အတွက်ကြောင့် UN ဘက်က လည်း လုပ်ဖို့အတွက် အားမပေးခဲ့ဘူး။ ဒီ TRIS က သူက တကယ်တမ်းကျတော့ အဖမ်းအဆီးမှာလည်း တကယ့် တကယ် တာဝန်ယူပေးလား ဆိုတော့လည်း မယူပေးဘူး။ တချို့နေရာတွေမှာ ရဲတွေဘာတွေ လ.ဝ.က တွေ တောင်မှပဲ ဒီကတ်က ဘာကတ်လဲ မသိတဲ့လူတွေ ရှိသေးတာပေါ့ မလေးရှားမှာက” ဟု ပြောသည်။

ထိုသို့ ခြေရာခံစနစ် Tracking Refugees Information System (TRIS) တွင် မှတ်ပုံတင်ခြင်းအား ဒုက္ခသည်ကတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား အများစုက မှတ်ပုံမတင်ကြသော်လည်း တချို့တလေကတော့ မှတ်ပုံတင် ကြကြောင်း သိရသည်။

ထိုသို့ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ UN ဘက်မှ တစ်စုံတစ်ရာ အတည်ပြု ထုတ်ဖော် ပြောဆို ထားခြင်း မရှိကြောင်း သိရသည်။

UNHCR အနေဖြင့် မလေးရှားရှိ ၎င်းတို့ ဒုက္ခသည်ကတ် ထုတ်ပေးထားသည့် နိုင်ငံပေါင်းစုံမှ ဒုက္ခသည် အားလုံးကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မထိန်းချုပ်နိုင်သည့် အပိုင်းများရှိကြောင်းနှင့် မလေးရှား၌ UNHCR ဒုက္ခသည်ကတ် ကိုင်ဆောင်ထား သူများထဲတွင် ပြစ်မှုကျူးလွန်သွားသူများလည်း ရှိခဲ့ကြကြောင်း သိရသည်။

 UNHCR မှ ဒုက္ခသည်ကတ်

ထို့ကြောင့် ယခုကဲ့သို့ မလေးရှားအစိုးရမှ ဆောင်ရွက်ခြင်းသည် ဆိုးကျိုးမရှိနိုင်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားကူညီမှု အဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး ဦးချစ်ကောင်းက CNI သတင်းဌာနသို့ ပြောသည်။

“တကယ်တမ်း ဒီဥစ္စာက ပြစ်မှုနဲ့ သက်ဆိုင်တဲ့အရာတွေကျ လွယ်လွယ်ကူကူရှာလို့ရတာပေါ့။ မလေးရှားနိုင်ငံသား တွေကဲ့သို့ပေါ့ microchip လေးတွေပါတယ်။ IC ပုံစံလိုမျိုးလေး သူတို့ စီစဉ် ဆောင်ရွက်ပေးထားတယ်။ အဲဒီ အနေအထားလေးတွေနဲ့ ဆိုတဲ့အခါကျတော့ ဒီ UNHCR ကတ် ကိုင်ဆောင်ထားသူ တစ်ဦးဦးက ဥပမာ ဒုစရိုက်မှု တစ်ခုခုပေါ့ သူ့နိုင်ငံမှာ ဥပဒေနဲ့မလွတ်ကင်းတဲ့ ပစ်မှုတစ်ခုခု ဖြစ်လာခဲ့သည် ရှိသော်ပေါ့။ ဒီဥစ္စာကို ဘယ်နေရာမှာ ရှိတယ် tracking လုပ်လို့ရအောင် စီစဉ်တဲ့ ပုံစံမျိုးလည်း ပါတယ်လေ။ နောက်တစ်ခုကကျတော့ အခု မလေးရှား မှာ UNHCR ကတ် ကိုင်ဆောင်ထားတဲ့သူတွေက တအားများလာတယ်လေ။ ပြည်ပ တရားမဝင်နိုင်ငံခြားသား ဖမ်းဆီးရေးလုပ်တဲ့အခါမှာ သူတို့က UNHCR ကတ်တွေ၊ UNHCR ကပေးထားတဲ့ စာရွက်တွေက clone လုပ်ထားတာတွေရှိတယ်။ မိတ္တူပွားထားတဲ့ ပုံစံမျိုးတွေ တွေ့ရတဲ့အခါကျတော့ သူက ဒါတွေကိုလည်း အထူးကြပ်မတ်ပြီးတော့ စိစစ်ဖို့ဆိုပြီး ဒါလေးတွေ လုပ်ထားတဲ့သဘောပါပဲ” ဟု ၎င်းက ပြောသည်။

မလေးရှားဘက်မှ ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ၎င်းတို့နိုင်ငံ၌ UNHCR ဒုက္ခသည်ကတ် ကိုင်ဆောင်ထားသူ ဦးရေမှာ များပြားလာသည့်အတွက် နိုင်ငံ၏ လုံခြုံရေးရှုထောင့်ဖြင့် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ဦးချစ်ကောင်းက “မလေးရှားအစိုးရကတော့ ဒါတွေကို သူတို့နိုင်ငံရဲ့ လုံခြုံရေးပေါ့နော်။ နိုင်ငံခြားသား အလုပ် သမားတွေ တအားများတယ်။ တရားမဝင်အလုပ်သမားတွေရှိတယ်။ Refugees တွေ ရှိလာတယ်။ တရားဝင် အလုပ်သမားတွေ ရှိလာတယ်။ တရားဝင်အလုပ်သမားကျတော့ တစ်ရာရာခိုင်နှုန်း control အောက်မှာ လုပ်လို့ ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူက တွေးထားတာကိုး။ သူတို့ရဲ့ ပတ်စပို့အချက်အလက်တွေ ယူထားတယ်။ နောက် သူ့ရဲ့ ပါမစ်၊ လက်ဗွေ သူ့ရဲ့ system အားလုံးကို ယူထားတဲ့အခါကျတော့ ဒီအလုပ်သမား တစ်ယောက် တစ်ခုခု တစ်စုံစုံ ပြစ်မှုကျူးလွန်ခဲ့မယ်ဆိုရင် လွယ်လင့်တကူ သူတို့ ရှာဖွေဖမ်းဆီးလို့ရတယ်။ ခုနကလို UNHCR တို့နဲ့ ပတ်သက်တဲ့ အခါကျတော့ ပြဿနာ အကြီးအငယ် ဖြစ်ခဲ့သည်တိုင်အောင် လွယ်လင့်တကူတော့ ဖမ်းဆီးလို့မရဘူးပေါ့” ဟု ပြောသည်။

UNHCR ဒုက္ခသည်ကတ် ကိုင်ဆောင်ထားသူများအနေဖြင့် ခြေရာခံစနစ် Tracking Refugees Information System (TRIS) တွင် မှတ်ပုံတင်မည်ဆိုပါက လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်မှာ များပြားကြောင်းလည်း သိရသည်။

UNHCR မှ ဒုက္ခသည်ကတ် ထုတ်ပေးသည့်အခါတွင် ကတ်လျှောက်ထားသူသည် ၎င်းနေထိုင်ရာ နိုင်ငံသည် လူ့ အခွင့်အရေးနှင့် မညီခြင်း၊ ချိုးဖောက်ခံရခြင်းတို့ရှိပြီး အကြောင်းပြချက်ခိုင်လုံပါက UNHCR ကတ် ထုတ်ပေး ကြောင်း မြန်မာအဖွဲ့အစည်းများထံက သိရသည်။

မလေးရှားနိုင်ငံတွင် အထောက်အထားမရှိသူဖြစ်ပါက အလုပ်အကိုင်အခွင့်အလမ်း၊ ကျန်းမာရေး၊ ပညာ သင်ကြား ရေးတို့တွင် နစ်နာမှုများရှိကြောင်းလည်း ၎င်းတို့က ပြောသည်။