CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၉

မလေးရှားနိုင်ငံရှိ UNHCR ရုံးတွင် နည်းပညာပိုင်း ပြုပြင်မည့်အတွက် UNHCR ကတ်နှင့် စာရွက်စာတမ်း ထုတ်ပေး ခြင်း လုပ်ငန်းစဉ်များအား ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်မှ ဧပြီလ ၃၀ ရက်နေ့အထိ တစ်လတိတိ ရပ်နားထားမည် ဖြစ်ကြောင်း UNHCR မလေးရှားမှ သတင်းထုတ်ပြန်ထားသည်။

ယခုကဲ့သို့ UNHCR ကတ် ထုတ်ပေးခြင်းအား တစ်လတိတိ ရပ်နားခြင်းမျိုး ယခင်ကာလများတွင် မရှိခဲ့ကြောင်း၊ ထို ရပ်နားထားသည့် ကာလအတွင်း မြန်မာနိုင်ငံမှ တိုင်းရင်းသားဒုက္ခသည်များအတွက် အခက်အခဲများရှိကြောင်း ရခိုင်ဒုက္ခသည်များ ဗဟို(CAR) မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သက်ရောက်မှု အများကြီးရှိတာပေါ့။ ဘာလို့လဲဆိုရင် UNHCR ကတ် မရှိဘူးဆိုရင်တော့ လ.ဝ.က တို့ ရဲတို့ ကတော့ ဖမ်းမှာပဲလေ။ အဲဒီဖမ်းတဲ့ အခါကျတော့ သူတို့တွေအတွက် အခက်အခဲ အများကြီးရှိတာပေါ့။ နောက် ဖမ်းဆီးသွားရင်လည်း ဘယ်လိုမှ လိုက်လံထုတ်ပေးပြီးတော့ ဖြေရှင်းနိုင်မယ့် အနေအထားရမှာ မဟုတ်ဘူးပေါ့။ UNHCR ကတ် မထုတ်ပေးရင် အဲဒီဟာတွေက အခက်အခဲရယ်၊ အဖမ်းအဆီးရယ်၊ ကျန်းမာရေးရယ်ပေါ့လေ၊ နောက် ခရီးသွားလာတာတို့၊ အလုပ်အကိုင် ရှာဖွေတာတို့ အဲဒါတွေက အခက်အခဲ အများကြီး ဖြစ်မှာပေါ့နော်။ သူတို့တွေက UNHCR ကတ် ရှိရင်တော့ ဆေးဝါးကုသတာလည်း အဆင်ပြေတယ်။ နောက်ပြီးတော့ ဆေးဝါး ကုသ ခွင့် ၅၀ ရာခိုင်နှုန်း discount ရတာပေါ့နော်။ ၅၀ ရာခိုင်နှုန်း လျှော့ပေါ့ပေးတာပေါ့။ အဲဒါလေးတွေ မြန်မာတွေ အတွက် အခက်အခဲရှိတာပေါ့။ ဘာလို့ဆို တချို့လူနာတွေဆိုရင် မလေးငွေ လေး၊ ငါးသောင်းလောက်ကို ရှင်းတာ လေ။ ဆေးရုံမှာ လနဲ့ချီတက်နေတဲ့ လူနာတွေရှိတာကို။ တချို့လည်း တကယ့်ကို အရေးတကြီး ခွဲစိတ်ကုသရတဲ့ ဟာတွေ ရှိတာပေါ့။ အခက်အခဲ ကတော့ UNHCR ကတ် မရှိတဲ့အခါကျတော့ ဆေးရုံတင်ဖို့ခက်တယ်။ နောက် တစ်ခု ဆေးရုံတင်ထားပြီးရင်လည်း UNHCR ကတ် မှတ်ပုံတင်ခွင့် မရဘူးဆိုရင် ဆေးဝါးကုသစရိတ်က အလွန်တရာ အဆမတန် ပေးရတယ်” ဟု ပြောသည်။

မလေးရှားတွင် မြန်မာအလုပ်သမားများကိုတွေ့ရစဉ်

UNHCR ကတ်နှင့် စာရွက်စာတမ်း ထုတ်ပေးခြင်း လုပ်ငန်းစဉ်များအား မေလ ၁ ရက်နေ့မှ စတင်ကာ ပြန်လည် ဆောင်ရွက် ပေးသွားမည်ဖြစ်သော်လည်း ရပ်နားထားစဉ် ကာလအတွင်း ကတ်နှင့် အထောက်အထား စာရွက် စာတမ်းများအား လျှောက်ထား၍ရကြောင်းလည်း သိရသည်။

လက်ရှိတွင် UNHCR ကတ်လျှောက်ရာ၌ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတိုင်း အခက်အခဲများစွာ ရှိနေကြောင်းနှင့် လူဦးရေ သောင်းဂဏန်းအထိ လျှောက်ထားရာတွင် ကတ်ရရှိသည့် အရေအတွက်မှာ ဆယ်ဂဏန်းခန့်သာ ရှိကြောင်းလည်း သိရသည်။

Alliance of Chin Refugees (ACR)မှ တာဝန်ရှိသူတစ်ဦးက “ဒီမှာကတော့ တိုင်းရင်းသားရယ် နိုင်ငံခြားရယ် ဆိုပြီး ခွဲခြားတာမရှိဘူး။ သို့သော် ဒီတစ်နှစ်အတွင်းက UNHCR ကနေပြီးတော့မှ RSD လို့ခေါ်ရမလား Refugee Status Determination ပေါ့၊ အဲဒီကိစ္စကို တော်တော်လေး အားနည်းတာ တွေ့ရတာပေါ့။ ဆိုတော့ ဒီဟာစက်ပြင် ပြီးလို့ သူတို့ရဲ့ Technical ပိုင်းဆိုင်ရာတွေ maintenance လုပ်ပြီးလို့ရှိရင်တော့ အမြန်ဆုံးနဲ့ ပိုမိုကောင်းမွန်အောင် လုပ်ပေးဖို့တော့ မျှော်လင့်ပါတယ်။ ထုတ်တဲ့အပိုင်းမှာ ကြန့်ကြာမှုရှိတာ မဟုတ်ဘူး။ သူတို့က register လုပ်တဲ့ အပိုင်းမှာ တော်တော်လေး ကြန့်ကြာတာ။ မလေးရှားမှာ ရှိတဲ့ တစ်ကမ္ဘာလုံးကနေ ရောက်လာတဲ့ မလေးရှားမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေ အတွက်ကို သူတို့ကနေပြီးတော့ register လုပ်ပေးတာက သိပ်အားရ စရာမရှိဘူး။ ဒါကို မလုပ်ပေးနိုင်တဲ့ အခါကျတော့ ဒီမှာရှိကြတဲ့ တစ်ကမ္ဘာလုံး မှာရှိကြတဲ့ ဒီဒုက္ခသည်တွေအတွက် တော်တော်လေး ကို ဒုက္ခရောက်ရတယ်။ သူတို့ရဲ့ လုံခြုံရေး ပိုင်းဆိုင်ရာ၊ နောက်ပြီးတော့ သူတို့ရဲ့ကျန်းမာရေးဆိုင်ရာ ကျန်တဲ့ ကိစ္စ တွေမှာလည်း သူတို့ရဲ့ ကတ်ထုတ်မပေးမှုကြောင့် ကြုံရတဲ့ ပြဿနာက တော်တော်များများ ရှိတယ်”ဟု ပြော သည်။

မလေးရှားတွင် မြန်မာအလုပ်သမားများကိုတွေ့ရစဉ်

ယခု မလေးရှား အစိုးရအသစ်နှင့် UNHCR မှ ထိပ်သီးပိုင်း ခေါင်းဆောင်များတို့အကြား တွေ့ဆုံဆွေးနွေးမှုများ ရှိသော်လည်း လက်ရှိ မလေးရှားအစိုးရအနေဖြင့် မလေးရှားနိုင်ငံရှိ ဒုက္ခသည်များအား မည်ကဲ့သို့ လုပ်ဆောင် ပေးမည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိကြောင်းလည်း တိုင်းရင်းသား အဖွဲ့အစည်းများထံက သိရသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ အဖမ်းအဆီးများမှာ ရှိနေဆဲဖြစ်ကြောင်း၊ ထို့အပြင် UNHCR ကတ်နှင့် စာရွက်စာ တမ်း ထုတ်ပေးခြင်း လုပ်ငန်းစဉ်များလည်း ရပ်နားထားသည့် အချိန်ကာလအတွင်း မြန်မာနိုင်ငံမှ ရောက်ရှိနေ သည့် တိုင်းရင်းသား ဒုက္ခသည်များအနေဖြင့် အထူးသတိထား ဆင်ခြင်ကြရန် တိုင်းရင်းသားအဖွဲ့အစည်းများက အကြံပြုသည်။