CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၀

မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံကို Astrazeneca အမျိုးအစား ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၅ သိန်းကို လှူဒါန်းခဲ့ပြီး ယနေ့(ဧပြီ ၂၀ ရက်)ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ Astrazeneca ကိုဗစ်ကာကွယ်ဆေးသည် ဆေးတစ်လုံးလျှင် လူ ၁၀ ဦးထိုးနှံနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့သည်။

ယနေ့ ရန်ကုန်မြို့သို့ ရောက်ရှိလာသော Astrazeneca ကိုဗစ်ကာကွယ်ဆေး ၅ သိန်းကို မြန်မာနိုင်ငံဆိုင်ရာမလေးရှားသံရုံး မှ Counsellor ဖြစ်သူ Mr.Muhammad Syukri Bin Azmi က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦး စီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို Astrazeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ မြေပြင်ခရီးလမ်းကြောင်းမှ လည်းကောင်း၊ လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပြတ် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ဦးတည်အုပ်စုအလိုက် ပြည်သူ့ဆေးရုံများနှင့်ကာကွယ်ဆေးထိုးစုရပ်များတွင် National Deployment Plan အရ ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။