CNI International News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၃

ဂရိသို့ သွားမည့်ပုံရသော ရော်ဘာလှေတစ်စင်းတွင် လိုက်ပါလာသည့် လူငါးဦး တူရကီတောင်ဘက် ကမ်းလွန် အေဂျီယန် ပင်လယ်ပြင်၌ ရေနစ်သေဆုံးခဲ့သည်ဟု တူရကီကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြသည်။

ထိုဖြစ်ရပ်သည် စနေနေ့ အစောပိုင်း တူကရီနိုင်ငံ အေဒင် (Aydin) ပြည်နယ်၊ ဒီဒင် (Didim) မြို့ ကမ်းလွန်တွင် ဖြစ်ပွားခဲ့ခြင်းဟု ကမ်းခြေစောင့်တပ်က ပြောသည်။

တူရကီကမ်းခြေစောင့်တပ်မှ ထုတ်ပြန်သော ဗွီဒီယိုဖိုင်တစ်ခုတွင် အညိုရောင် လှေတစ်စင်းပေါ်မှ ဒုက္ခသည်များ နှင့် ရွှေ့ပြောင်း နေထိုင်သူများသည် လှိုင်းထနေသော ပင်လယ်အတွင်းမှ လက်ပြ အကူအညီ တောင်းနေသည်ကို မြင်တွေ့ရသည်။

အရွယ်ရောက်ပြီးသူ ၁၀ ဦးနှင့် ကလေး တစ်ဦး ပါဝင်သော ရွှေ့ပြောင်းနေထိုင်သူ ၁၁ ဦးကို ကယ်ဆယ်ခဲ့ပြီး အလောင်း ၅ လောင်းကို တွေ့ခဲ့ရသည်ဟု ကမ်းခြေစောင့်တပ်၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

ရွှေ့ပြောင်းလှေမှောက် ကလေးငယ်တစ်ဦးကို ကယ်ဆယ်စဉ်

ဒုက္ခသည် ၅ ဦးသည် တူရကီကမ်းခြေမှ ၁၀ ကီလိုမီတာအကွာရှိ ဂရိနိုင်ငံ ဖာမာကိုနီဆီ (Farmakonisi) ကျွန်းသို့ ရောက်ရှိလာခဲ့ကြောင်း ဂရိကမ်းခြေစောင့်တပ်က ပြောသည်။

ထိုလှေထွက်လာချိန်တွင် လှေပေါ်၌ ခရီးသည် ၃၁ ဦး ပါဝင်ခဲ့သည်ဟုလည်း သိရသည်။ ဒုက္ခသည်များနှင့် ရွှေ့ ပြောင်း နေထိုင်သူများသည် ဥရောပသို့ ရောက်ရှိရေး ကြမ်းတမ်းသော ပင်လယ်ပြင်ကို လှေငယ်များဖြင့် ဖြတ်သန်း မှုကြောင့် အေဂျီယန်ပင်လယ်အတွင်း ရေနစ်သေဆုံးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ဖေဖော်ဝါရီလ အစပိုင်းတွင်လည်း ယခုဖြစ်ရပ် ဖြစ်ပွားရာ နေရာ၌ပင် လှေနစ်မြှုပ်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် လေးဦး သေဆုံးခဲ့ရသည်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့၏ မှတ်တမ်းများအရ ၂၀၁၄ ခုနှစ်မှ စတင်ကာ မြေထဲပင်လယ် အတွင်း ရေနစ်သေဆုံးသူ ၂၂၆၉ ဦးရှိပြီဟု သိရသည်။

မြေထဲပင်လယ်၏ အနောက်ဘက်၊ အီတလီ တောင်ပိုင်းကမ်းလွန်တွင် မတူညီသည့် ဖြစ်ရပ်သုံးခု၌ လူပေါင်း ၁၃၀၀ ကျော်ကို ကယ်တင်ခဲ့ရသည်ဟုလည်း အီတလီကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

Source: အယ်ဂျာဇီးယား