CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆
လျှပ်စစ်မီးပြဿနာသည် အများအပြား ထိခိုက်နိုင်သည့်အတွက် အစိုးရအနေဖြင့် အပူတပြင်း ကိုင်တွယ်ရမည့် ကိစ္စဖြစ်ကာ နိုင်ငံ၏ အရေးကြီးကဏ္ဍအဖြစ် သတ်မှတ်ဆောင်ရွက်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။
ယခင်က လျှပ်စစ်မီးကို တစ်ရက်လျှင် ၄ နာရီလာ ၄ နာရီပျက်နှုန်းဖြင့် ပေးခဲ့ပြီး ညဘက်အချိန်များတွင် မီးရရှိခဲ့ သော်လည်း ယခုရက်ပိုင်း၌ တစ်ရက်လျှင် ၁၆ နာရီပျက်ပြီး ၄ နာရီ ၂ ကြိမ်(ပေါင်း ၈ နာရီ)သာ ရရှိတော့မည် ဖြစ်သည်။
လျှပ်စစ်မီး မမှန်သဖြင့် ပြည်သူလူထုမှ မီးစက်နှိုး၍ အသုံးပြုကြသည့်အခါ စက်သုံးဆီ လိုအပ်ချက်မှာ ပိုမို မြင့်တက်လာနိုင်သဖြင့် အစိုးရမှ တွက်ချက်မှုများ ပြုလုပ်ကာ သေချာစွာ ဖြေရှင်းရန်လိုကြောင်း စီးပွားရေး လုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
မြို့ပြအခြေအနေကိုတွေ့ရစဉ်
၎င်းက “ဒုတိယတစ်ပိုင်းက စက်ရုံ၊ အလုပ်ရုံတွေအတွက်ပေါ့။ ပုံမှန်အားဖြင့် စက်မှုဇုန်တွေကို ပိုပြီးပေးတာ ရှိခဲ့ တယ်။ လုပ်ကိုင်ခဲ့တယ် အခုအချိန်မှာ လက်ရှိကာလ လက်ရှိအချိန်က လျှပ်စစ်ဝန်အား အများဆုံး သုံးစွဲတဲ့ကာလ မရောက်သေးဘူးလို့ မှတ်ရမှာပေါ့။ နွေရာသီဆို ဝန်အား အများဆုံး သုံးစွဲတဲ့ကာလ ဖြစ်လာပြီ။ ဒီကာလ မရောက် ဘဲနဲ့တောင် လျှပ်စစ်မီးလိုအပ်ချက် မြင့်မားနေတယ်ဆိုရင် လာမယ့်နွေရာသီ လျှပ်စစ်ဝန်အား အများဆုံး သုံးစွဲ နိုင်မယ့်ပမာဏကို ပြည်သူတွေဘက်က ရောက်လာမယ့်အချိန်မှာ မပေးနိုင်တော့ဘူးဆို ဒီပြဿနာက အခက်အခဲ တစ်ခုအနေနဲ့ ရင်ဆိုင်ရနိုင်ဖွယ်ရှိတယ်။ အခုက ပြည်သူတွေက ဈေးဘယ်လောက်တိုးတိုး မီးမှန်ရင်ရပြီဆိုတဲ့ သူတွေလည်း ရှိလာပြီပေါ့။ အစိုးရအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီး ပူးပေါင်းပြီး လျှပ်စစ်ကို ပုံမှန် အစိုးရပေးတဲ့မီးက တစ်ဈေးပေါ့။ ဒါက နိုင်ငံခြားကနေ Investment လုပ်လာတဲ့ဈေး၊ တစ်ယူနစ်ကို အစိုးရပေး တဲ့ဈေးက ၂၀၀ ဆို ဒါကတော့ ၅၀၀ ဖြစ်မယ် ၇၀၀ ဖြစ်မယ်ပေါ့။ ပြည်သူတွေကို ရွေးချယ်စရာ ၂ ခု ၃ ခုလောက် ချပြပြီး ပေးမယ်ဆို အဆင်ပြေနိုင်တယ်” ဟု ပြောသည်။
တစ်ရက်လျှင် ၁၆ နာရီပျက်ပြီး ၄ နာရီ ၂ ခါစီသာ လျှပ်စစ်မီး ပေးမည်ဖြစ်သော်လည်း ၄ နာရီအထိ အပြည့်အဝ မရရှိခြင်းများလည်း တွေ့ရကာ မြို့ပြတွင် အိမ်တိုင်းသည် မီးစက်၊ အင်ဗက်တာ၊ ဆိုလာများ တပ်ဆင် သုံးစွဲနိုင် ခြင်း မရှိကြပေ။
လျှပ်စစ်မီး ပုံမှန်မပေးနိုင်သည့် အနေအထားတွင် ကုန်ထုတ်လုပ်မှုအား နှစ်ဆ၊ သုံးဆ တိုးတက်အောင် ထုတ်လုပ် ကြရန် မပြောဆိုသင့်ကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။
ဖရောင်းတိုင်ထွန်း စာလုပ်နေတဲ့ အမျိုးသမီးတစ်ဦးကိုတွေ့ရစဉ်
ထို့ကြောင့် လာမည့် နွေရာသီတွင် လျှပ်စစ်မီး ပေးဝေမှုသည် ယခုထက် ပိုမိုမဆိုးရွားခဲ့လျှင်တောင် ပြည်သူလူထု အနေဖြင့် ခက်ခဲသည့် အနေအထားကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၄ နာရီပေးတယ်၊ ၈ နာရီ ဖြတ်တယ်ဆိုတဲ့နေရာမှာ ထမင်းချက်တဲ့ကိစ္စ၊ ရေတင်တဲ့ကိစ္စ၊ တချို့နေရာ တွေဆို ဂျိုးဖြူရေလေ။ ရေလာတဲ့အချိန် မီးမလာ၊ မီးလာတဲ့အချိန် ရေမလာ။ ဆိုတော့ ဒီလိုအနေအထားမှာ အဲဒီလို ကန်ထရိုက်တိုက်တွေ ဒုက္ခရောက်တာပေါ့။ အဝီစိတွင်းသမားကတော့ မီးလာတဲ့အချိန် တင်လိုက်လို့ ရသေးတယ်။ နောက် ၁၀ တန်း၊ ၈ တန်း ဖိုင်နယ်တွေ စာမေးပွဲရာသီ ရောက်လာပြီလေ။ ဒါတစ်ချက်ပေါ့။ ရန်ကုန်သား၊ ရန်ကုန် သူဆိုတာ အဲကွန်းဘာညာနဲ့ ကျင့်သားဖြစ်နေပြီလေ။ ကန်ထရိုက်တိုက်တွေ၊ မိုးမျှော်တိုက်တွေများတော့ လေဝင် လေထွက် ပိတ်တာပေါ့။ ညဘက် ဘယ်လိုအိပ်ကြမလဲ။ အိပ်ရေးပျက်ကုန်မှာပေါ့။ ရေတို ရေရှည်ပေါ့။ ရေတို လုပ်လို့ရတာတွေ ရှိတာပေါ့။ တချို့ခေတ်ကာလတွေမှာ လုပ်သွားတာပဲလေ။ ပိုက်ဆံလိုတယ်လေ။ ပိုက်ဆံရှိ၊ မရှိက မသိနိုင်ဘူး။ ဟိုသင်္ဘောကြီး မောင်းသွင်းလာ၊ ဒီသင်္ဘောကြီး မောင်းသွင်းလာ။ စီးပွားရေး ပတ်ဝန်းကျင် ကောင်းတာ၊ မကောင်းတာ လာလုပ်တဲ့လူကလည်း ထည့်စဉ်းစားမှာပေါ့။ ခေါ်တိုင်းလည်း ချက်ချင်းခေါ်လို့ ရတာလည်း မဟုတ်ဘူးလေ” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ထိုဒေသများ၌ လျှပ်စစ်မီး ပုံမှန်ပေးဝေခြင်း မရှိသဖြင့် ၎င်းဘက်မှ ပိုနေသည့် ဓာတ်အားများမှာ မည်သည် နေရာသို့ ရောက်သွားသနည်းဟု မေးခွန်းထုတ် လျက် ရှိကြသည်။