CNI International News

ဘန်ကောက်၊ ဇန်နဝါရီ ၆

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် စုစုပေါင်း ဘတ် ၁၀ ဘီလျံနီးပါး တန်ဖိုးရှိသည့် ကုမ္ပဏီ ၂၀ နီးပါးတွင် ထည့်ဝင်ထားသည့် ရှယ်ယာများကို ၎င်းတို့မိသားစုဝင်များ ပိုင်ဆိုင်သော ကုမ္ပဏီ ၃ ခုနှင့် လက်အောက်ခံ ကုမ္ပဏီခွဲများထံသို့ လွှဲပြောင်းခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ထိုင်း၏ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ပေတုန်တန်၏ ပိုင်ဆိုင်မှုများကို လူသိထင်ရှား ထုတ်ပြန်ကြေညာခဲ့သည်။

Alpine Golf and Sport Club ကုမ္ပဏီတွင် ထည့်ဝင်ထားသည့် ဘတ် ၂၂၄ ဒသမ ၁ သန်း တန်ကြေးရှိသည့် အစုရှယ်ယာ ၂၂,၄၁၀,၀၀၀ ကို ပေတုန်တန်က သူ့မိခင်ဖြစ်သူ ခွန်ယင်း ပိုဂျာမန် ဒါမာပွန် (Khunying Pojaman Damapong) ထံသို့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၄ ရက်က လွှဲပြောင်းပေးခဲ့သည်။

တစ်ချိန်က Manchester City FC (Thailand) ဟု လူသိများခဲ့သည့် Pramaisuree Property ကုမ္ပဏီတွင် ထည့်ဝင်ထားသော ဘတ် ၁၆၉ ဒသမ ၄ သန်း တန်ကြေးရှိသည့် အစုရှယ်ယာ ၁၆,၉၄၉,၉၉၀ ကို ပေတန်တန်၏ အစ်မဖြစ်သူ ပင်တွန်တာ ရှင်နာဝပ် ခူနာကွန်ဝေါင် (Pintongta Shinawatra Kunakornwong) အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် လွှဲပြောင်းပေးခဲ့သည်။

ပေတုန်တန်ကို တွေ့ရစဉ်

Alpine Golf and Sport Club ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီခွဲဖြစ်သည့် Alpine Garden Design ကုမ္ပဏီ တွင် ထည့်ဝင်ထားသည့် ဘတ် ၁၉ ဒသမ ၉၉ သန်း တန်ဖိုးရှိ အစုရှယ်ယာ ၁,၉၉၉,၈၀၀ ကို Alpine Golf and Sport Club ကုမ္ပဏီသို့ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၉ ရက်တွင် လွှဲပြောင်းခဲ့သည်။

ထို့ပြင် ထိုင်းစတော့ အိတ်ချိန်းတွင် ပါဝင်ခြင်းမရှိသည့် ကုမ္ပဏီ ၁၁ ခုကို ၂၀၀၀ ပြည့်နှစ် ပြည်သူ့ဝန်ကြီးဌာန ဆိုင်ရာ ရှယ်ယာများနှင့် စတော့များ စီမံခန့်ခွဲရေးအက်ဥပဒေနှင့်အညီ Kiatnakin Phatra Asset Management ကုမ္ပဏီလက်အောက်သို့ လွှဲပြောင်းခဲ့သည်။

ထိုကုမ္ပဏီများထဲတွင် ဘတ် ၅ သန်း တန်ကြေးရှိသည့် ရှယ်ယာ ၅ သန်းနှင့်အထက်ရှိ ထည့်ဝင်ထားသည့် Rama 9 Hospital ကုမ္ပဏီလည်း ပါဝင်ခဲ့သည်။ ထိုရှယ်ယာများကို စီမံခန့်ခွဲရန်အတွက် Land and House Asset Management ကုမ္ပဏီသို့ လွှဲပြောင်းခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၈ ရက်အထိ ပေတုန်တန်သည်  SC Asset Corporation Pcl ကုမ္ပဏီတွင် ဘတ်  ၁ ဒသမ ၂၁၆ ဘီလျံ တန်ဖိုးရှိသည့် အစုရှယ်ယာ ၁,၂၁၆,၁၄၉,၈၇၀ ကို လွှဲပြောင်းပေးခဲ့ပြီး ထိုရှယ်ယာများကို လွှဲပြောင်း ပေးခဲ့ခြင်း ရှိ/မရှိကိုမူ သတင်းများ ထွက်ပေါ်ခဲ့ခြင်း မရှိသေးပေ။

Source: The Nation