CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂

ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်၍ လျှပ်စစ်မီတာခများကို ၂ ဆကျော် တိုးကောက်ခံနေပြီး ထိုသို့ မီတာခ ကောက်ခံရာတွင် ယူနစ်များ မှားယွင်းဖတ်ကာ မီတာခများ တိုးမြှင့်ကောက်ခံနေမှုများ ရှိနေခြင်းကြောင့် စနစ်တကျကောက်ခံရန် လိုအပ်သည်ဟု ပြည်သူများက ထောက်ပြနေကြသည်။

အမှန်တကယ် သုံးစွဲနေသည့် မီတာယူနစ်ပမာဏနှင့် လျှပ်စစ်ရုံးမှ ကောက်ခံနေသည့် မီတာယူနစ်ပမာဏ ကွာခြားမှုများ ရှိနေပြီး သုံးစွဲသူ ပြည်သူများအနေဖြင့် ပို၍ ပေးဆောင်လိုက်ရသည်များလည်း ရှိနေသည်။

ထို့ကြောင့် မီတာခများကို စနစ်တကျ ကောက်ခံရန် လိုအပ်သည်ဟု မန္တလေးမြို့မှ စာရေးဆရာ ဦးဆူးငှက်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မီတာခကိုလည်း စနစ်တကျ ကောက်တာမျိုး ပိုကောင်းတယ်။ ပေးတာပေးလိုက်ရတယ်။ တကယ်ရော ကိုယ့်မီတာ ဟုတ်ရဲ့လားဆိုတာ ဘယ်သူမှ မစစ်နိုင်ဘူးလေ။ သာမန်လူအဖို့ စစ်လည်း မစစ်တတ်ဘူးလေ။ ငါတို့ လည်း မစစ်တတ်ဘူး။ ဆိုကြပါဆို့ မီတာမှာ ကျနေတဲ့ မီတာက ကျနေတဲ့နံပါတ်နဲ့ သူတို့ ကောက်သွားတာက ကိုက်ချင်မှလည်း ကိုက်တာလေ။ သူတို့ လျော့ကောက်တာလည်း ရှိတယ်။ ပိုကောက်တာလည်း ရှိတယ်။ သူတို့ကို ကွန်ပလိန်းတက်တဲ့အခါမှာ သူတို့ဘက်က ဆင်ခြေတွေက အများကြီးပဲ။ အဲဒါတွေက စနစ်မကျဘူး။ မီတာ ကောက်တာတွေလည်း စနစ်မကျတာ အများကြီးပါတယ်” ဟု ပြောသည်။

လျှပ်စစ်မီးမှောင်နေစဉ်

လက်ရှိတွင် အလှည့်ကျ မီးပေးသည့်စနစ်ဖြင့် လျှပ်စစ်မီး ပေးနေသော်လည်း ယခင်ကထက် မီးပျက်ချိန် ပို၍ များလာနေကြောင်း၊ လျှပ်စစ်မီး ပုံမှန်မလာသည့်အပြင် မီတာခ တိုး၍ပေးနေရသည့် အခြေအနေ ဖြစ်နေသည်။

စာရေးဆရာ ဦးဆူးငှက်က “မီးများ ၂၄ နာရီ လာရင်တော့ မလွယ်ဘူး။ အခု ပုံမှန်ပြောကြဆို့ဆို ၂၀,၀၀၀ ကျော်၊  ၂၀,၀၀၀ လောက်ကျတဲ့ အိမ်တစ်အိမ်က ၆၀,၀၀၀၊ ၈၀,၀၀၀ လောက် ကျနေတယ်။ ငါတို့အိမ်ဆို အရင် ပုံမှန် ၂၀,၀၀၀ ကျော်။ ၂၃,၀၀၀၊ ၂၄,၀၀၀ ဝန်းကျင် မီတာတစ်လုံးကို။ အခု ပြီးခဲ့တဲ့ နောက်ဆုံး ဆောင်လိုက်ရတာဆိုရင် ၈၆,၀၀၀၊ ၈၄,၀၀၀။ ဒါတောင် ဟိုလိုကြီး သုံးတာ မဟုတ်သေးဘူး ပုံမှန်ပဲ။ အထွေထွေ ကုန်ဈေးနှုန်းပါ တက်ရတဲ့ အထဲ မီတာခပါ တက်တော့ ကျန်တဲ့စရိတ်ပါ ထပ်တက်တာပေါ့” ဟု ပြောသည်။

မီတာခများသည် အိမ်သုံးအမျိုးအစား၊ လုပ်ငန်းသုံးအမျိုးအစား ၂ မျိုးလုံး ၂ ဆကျော် တက်သွားခြင်းဖြစ်ပြီး ကုန်ဈေးနှုန်း အဆင်မတန် ကြီးမားနေသည့်အချိန်၊ အလုပ်အကိုင် အဆင်မပြေသည့်အချိန်တွင် မီတာခ တက်လာ ခြင်းကြောင့် အခြေခံလူတန်းစားများ စားဝတ်နေ‌ရေး ပို၍ ခက်ခဲလာမည် ဖြစ်သည်။

လျှပ်စစ်မီတာစာရွက်ကိုတွေ့ရစဉ်

ထို့အပြင် အိမ်ခန်းငှားနေရသည့် စက်ရုံအလုပ်သမားများတွင်လည်း မီတာခဈေးနှုန်း တက်လာခြင်းကြောင့် မီတာ ဆောင်နေရသော အိမ်ပိုင်ရှင်က အိမ်လခများ တိုးလာနိုင်သည့် အခြေအနေနှင့် ကြုံနေရသည်ဟု ဒဂုံဆိပ်ကမ်း မြို့နယ်မှ စက်ရုံအလုပ်သမားတစ်ဦးဖြစ်သူ မနှင်းနန္ဒာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မီတာတက်လို့ရှိရင် အိမ်လခကတော့ မီတာဆောင်ရရင် ဆောင်ရသလို တက်လာမှာပဲ။ မီတာချိန်လို့ အိမ်လခ တက်လာမယ်ဆိုလို့ရှိရင် အခက်အခဲ ဖြစ်တာပေါ့။ အခန်းတွေကလည်း သိပ်ပြီးတော့ အဆင်မပြေ ကြဘူး။ အလုပ်အကိုင်တွေကလည်း သိပ်ပြီးတော့ အဆင်မပြေကြဘူး။ ဒီအတိုင်းထားလို့ရင် အဆင်မပြေဘူး၊ အိမ်လခ တက်မယ်ဆိုရင်လည်း တက်ပေါ့။ ဒါမှမဟုတ် မီတာခ သူ့ချိန်ရင်လည်း ချိန်ပေါ့။ မီတာခ ကိုယ့်ဘာသာ ကိုယ် ဆောင်ရင်တော့ မဆောင်နိုင်ဘူးပေါ့။ အလုပ်အကိုင်တွေက အဆင်မပြေဘူး၊ ပိုက်ဆံကလည်း အဆင်မပြေ ဘူးဆိုတော့ မဆောင်နိုင်ဘူးပေါ့၊ အိမ်လခ တက်မယ်ဆိုလည်း တက်ပေါ့။ အိမ်လခက အခု ၆၀,၀၀၀ လောက်ဆို ပုံမှန်ဆိုလို့ရှိရင် သိပ်ပြီးတော့ အဆင်မပြေနိုင်ကြဘူးပေါ့။ နောက်ထပ် ထပ်တိုးမယ်ဆိုလို့ရှိရင် ပိုပြီးတော့ ပိုဆိုး သွားလိမ့်မယ်။ မီတာပဲ လျှော့သုံးပေါ့” ဟု ပြောသည်။

ကုန်ဈေးနှုန်း ကြီးမြင့်နေချိန် မီတာခ ဈေးတက်လာခြင်းကြောင့် လျှပ်စစ်မီး သုံးစွဲမှုကို ချွေတာလာမှုများ ရှိနေ ကြောင်း၊ ထိုသို့ ချွေတာမှုကြောင့် ညအချိန်တွင် အမှောင်ကို အားကိုး၍ လုပ်ဆောင်နေကြသည့် ဒုစရိုက်မှုနှင့် လုယက်မှုများ၊ ပစ္စည်းခိုးမှုများ ပို၍ ဖြစ်ပေါ်လာနေသည်။