CNI International News

ဟာဗားနား၊ အောက်တိုဘာ ၂၁

ကျူးဘားနိုင်ငံတွင် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်နေသဖြင့် တစ်နိုင်ငံလုံး အမှောင်ကျသွားခဲ့ပြီး လျှပ်စစ် ဓာတ်အားများ ပြန်လည်ရရှိရန် အားထုတ်ကြိုးပမ်းမှုလည်း အောင်မြင်ခြင်းမရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ကြောင့် လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှုကို ပြန်လည်ထူထောင်ရန် ရုန်းကန်နေရသည့် အစိုးရ၏ စွမ်းဆောင် ရည်အပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

ကျူးဘား၏  အကြီးဆုံး ဓာတ်အားပေးစက်ရုံ လည်ပတ်မှု ရပ်တန့်ခဲ့ပြီးနောက် နိုင်ငံပိုင်လျှပ်စစ် ဓာတ်အားလိုင်း သည် အောက်တိုဘာ ၁၈ ရက် မွန်းတည့်ချိန်ကတည်းက ပထမဆုံးအကြိမ် ပြတ်တောက်သွားခဲ့သည်။

ထို့နောက် အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် ထိုဓာတ်အားလိုင်း နောက်တစ်ကြိမ် ပြတ်တောက် သွားခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

 လျှပ်စစ်မီး ပြတ်တောက်နေတဲ့ ကျူးဘားနိုင်ငံအတွင်းက ပြည်သူများကိုတွေ့ရစဉ်

အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် လျှပ်စစ်ဓာတ်အားလိုင်းကို ပြန်လည်ချိတ်ဆက်ရန် အားထုတ်ကြိုးပမ်းမှု များသည် တိုးတက်မှုရရှိခဲ့သော်လည်း နောက်တစ်ကြိမ် ထပ်မံပြတ်တောက်သွားခဲ့သည်။

ကျူးဘား၏ စွမ်းအင်ဝန်ကြီးဌာနကမူ ဟာဗားနား ( Havana) မြို့တော် အပါအဝင် အနောက်ဘက် ဓာတ်အားခွဲ စနစ်တွင် နောက်တစ်ကြိမ် ပြတ်တောက်မှု ဖြစ်ပွားနေသဖြင့် ပြန်လည်ချိတ်ဆက်ရန် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

အစားအစာများ၊ ဆေးဝါးများနှင့် လောင်စာပြတ်လပ်မှုများကို ခံစားနေရသည့် ကျူးဘားပြည်သူများအတွက် ယခု ကဲ့သို့ လျှပ်စစ်ဓာတ်အားများ အချိန်ကြာမြင့်စွာ ပြတ်တောက်နေမှုသည် နောက်ထပ် စိတ်ပျက်စရာကောင်းသည့် အခြေအနေတစ်ခု ဖြစ်လာခဲ့သည်။

ကျူးဘားအစိုးရကမူ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) လက်ထက်က ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများ အပါအဝင် အမေရိကန်၏ ကုန်သွယ်ရေးပိတ်ဆို့မှုကြောင့် နိုင်ငံအတွင်း လောင်စာနှင့် အခြားအခြေခံ ကုန်ပစ္စည်းများ ပြတ်လပ်ခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။

Source: Reuters