CNI International News

လန်ဒန်၊ ဇူလိုင် ၁၉

အနောက်ဥရောပတွင် ပြင်းထန်စွာ ကျရောက်နေသော အပူလှိုင်းသည် မြောက်ဘက်သို့ ဦးတည်လာသဖြင့် ဇူလိုင် ၁၉ ရက် (ယနေ့) တွင် ပိုမိုပူပြင်းလာခြင်းဖြင့် ရင်ဆိုင်နေရကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်း သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ဇူလိုင် ၁၈ ရက်တွင် စပိန်နိုင်ငံ၊ မြောက်ပိုင်း၌ အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ် (၁၀၉ ဖာရင်ဟိုက်) အထိ စံချိန်တင်အောင် မြင့်တက်ခဲ့သလို ပြင်သစ်နှင့်ဗြိတိန်တွင်လည်း အပူလှိုင်းသတိပေးချက် ထုတ်ပြန်ခဲ့ရသည်။

ပြင်သစ်၊ ပေါ်တူဂီ၊ စပိန်နှင့် ဂရိနိုင်ငံများတွင် တောမီးလောင်၍ လူပေါင်းထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

ဗြိတိန်နိုင်ငံတွင် အပူပြင်းဆုံးနေ့ တစ်နေ့ကို ရင်ဆိုင်ရဖွယ် မျှော်လင့်ရပြီး ပြင်သစ်နိုင်ငံ၏ အစိတ်အပိုင်းများတွင် အပူချိန် မြင့်မားလွန်း၍ ထိခိုက်မှုများ ရှိနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

ပြင်သစ်နိုင်ငံရှိ ဒေသအများအပြားနှင့် နိုင်ငံ၏ အနောက်ပိုင်း နန်တက်စ် (Nantes) မြို့တို့တွင် အပူချိန် ၄၂ ဒီဂရီစင်တီဂရီတ် အထိ အပူပြင်းဆုံး နေ့ရက်များကို ကြုံခဲ့ရသည်ဟု ပြင်သစ် အမျိုးသား မိုးလေဝသရုံးက ထုတ်ပြန်ခဲ့သည်။

ဗြိတိန်အပူချိန်နဲ့အတူ ပြည်သူများ (AP)

မကြာသေးမီ ရက်ပိုင်းအတွင်း တောမီးလောင်၍ လူပေါင်း ၃ သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အရေးပေါ် ခိုလှုံစရာ အမိုးအကာများကို သက်ဆိုင်ရာက ပံ့ပိုးပေးခဲ့သည်။

ဥရောပ အနောက်တောင်ပိုင်းရှိ နာမည်ကျော် ခရီးသွားဆွဲဆောင်ရာ ဒေသဖြစ်သည့် ဂျီရွန်ဒီ (Gironde) တွင် ယခင်သီတင်း ပတ် ဇူလိုင် ၁၂ ရက် ကတည်းက မြေဧရိယာ ၄၂,၀၀၀ ဧက မီးလောင်ကျွမ်းခဲ့ရာ မီးသတ်သမားများက ကြိုးစား ငြှိမ်းသတ်ခဲ့ သော်လည်း ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့သည်။

“ကျနော့်ခေါင်းထဲကို ဝင်တဲ့အတွေးကတော့ မကောင်းဆိုးဝါး ဘီလူးတစ်ကောင် ဝင်လာသလို ခံစားမိပါတယ်”ဟု အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ ဂျီရွန်ဒီဒေသ အုပ်ချုပ်ရေးမှူး ဂျင်လက်ဂလေဇီ (Jean-Luc Gleyze) က ပြောကြားခဲ့သည်။

“အဲဒီဘီလူးက ရေဘဝဲလို လက်တံတွေဖြန့်ပြီး ဥရောပ အရှေ့၊ အနောက် နှစ်ဘက်စလုံးကို ပိုပြီး ကြီးထွားလာနေပါတယ်။ အပူလှိုင်းကြောင့် လေထုထဲ ရေငွေ့မရှိတော့ ဒီလို ဘီလူးတစ်ကောင်ကို တုံ့ပြန်တိုက်ခိုက်ဖို့ အင်မတန်ခက်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဇူလိုင် ၁၈ ရက်တွင် အပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ်သို့ ကျဆင်းမည်ဟု ခန့်မှန်းထားသော်လည်း ခြောက်သွေ့သော အခြေ အနေနှင့် ပြောင်းလဲနိုင်သော လေစီးကြောင်းများ ဆက်လက် ရှိနေသရွေ့ ယခုအပူလှိုင်းဒဏ်မှ ချက်ချင်းသက်သာရာ ရမည် မဟုတ်ကြောင်း ဂျီရွန်ဒီဒေသသို့ ရောက်ရှိနေသည့် ဘီဘီစီသတင်းထောက် လူစီဝီလျံဆင်က သတင်းပေးပို့ထားသည်။

Source: BBC