CNI International News

ဆန်တီယာဂို၊ ဖေဖော်ဝါရီ ၆

တောမီးလောင်ကျွမ်းမှု အခြေအနေများကြောင့် ချီလီအစိုးရက နောက်ထပ် ဒေသတစ်ခုကို အရေးပေါ် အခြေ အနေ ထပ်မံကြေညာခဲ့သည်ဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

တောမီးကြောင့် အနည်းဆုံး လူ ၂၃ ဦး သေဆုံးခဲ့ပြီဖြစ်ကာ မီးသတ်သမားများလည်း တောမီးများကို ထိန်းချုပ်ရန် ရုန်းကန်နေရသည်။

စနေနေ့က အရေးပေါ် အခြေအနေ ကြေညာခဲ့သည့် ဒေသမှာ အာရူကာနီယာ (Araucania) ဖြစ်သည်။

ယင်းသည် ယခင်က အရေးပေါ်အဖြစ် သတ်မှတ်ထားသည့် ဘီယိုဘီယို (Biobio) နှင့်နျူဘယ် (Nuble)ဒေသ တို့နှင့် ကပ်လျက်ရှိပြီး နိုင်ငံ၏ရှည်လျားသော ပစိဖိတ်ကမ်းရိုးတန်း အလယ်အနီးတွင် တည်ရှိသည်။

 ချီလီတောမီးလောင်ကျွမ်းနေစဉ်

စနေနေ့ ကြေညာချက်ကြောင့် အစိုးရအနေဖြင့် တောမီး ငြိမ်းသတ်ရေးတွင် စစ်တပ်ကို အသုံးပြုခွင့်လည်း ရရှိမည်ဖြစ်သည်။ ရာသီဥတု အခြေအနေက ပျံ့နေသော မီးကိုငြိမ်းရန် ခက်ခဲစေကြောင်းနှင့် အခြေအနေများမှာ ပို၍ ဆိုးရွားလာပြီဖြစ်ကြောင်း ချီလီပြည်ထဲရေးဝန်ကြီး ကာရိုလီန တိုဟာ (Carolina Toha) က ပြောသည်။

တောမီးနှင့် ဆက်စပ်နေသော ဖြစ်ရပ်များကြောင့် အနည်းဆုံး လူ ၂၃ ဦး သေဆုံးကာ ၉၇၉ ဦး ဒဏ်ရာရရှိခဲ့သည်။

လူပေါင်း ၁၁၀၀ ကျော်ကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားရသည်။

သေဆုံးသူများမှ ၁၁ ဦး သို့မဟုတ် တစ်ဝက်ခန့်သည် ဘီယိုဘီယိုရှိ ဆန်တာဂျူအာနာ (Santa Juana) တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူများမှ တစ်ဦးမှာ ဘိုလီဗီးယား လေယာဉ်မှူး ဖြစ်သည်။ ၎င်းသည် လေယာဉ်ဖြင့် မီးငြိမ်းသတ်ရေးကို ကူညီပေးနေစဉ် လေယာဉ်ပျက်ကျ၍ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

 ချီလီတောမီးလောင်ကျွမ်းနေစဉ်

စနေနေ့တွင် တောမီးငြိမ်းသတ်ရေး၌ မီးသတ်သမားပေါင်း ၂၃၂ ဦး ပါဝင်လှုပ်ရှားနေကြောင်း ချီလီတောင်ပိုင်းမှ အပူချိန်များမှာ ၁၀၄ ဖာရင်ဟိုက်ထက် ကျော်လွန်နေကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။

တောမီးလောင်မှု ၁၅၁ ခုကို ထိန်းချုပ်နိုင်ခဲ့ပြီဟု ချီလီ သဘာဝဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီက ပြော သည်။ သောကြာနေ့က ထုတ်ပြန်သော အချက်အလက်များတွင် တောမီးသည် ဟက်တာ ၄၀၀၀၀ နီးပါး လောင် ကျွမ်းခဲ့သည်ဟု ဖော်ပြထားသည်။

တောမီးလောင်ကျွမ်းနေသော ဒေသသုံးခုသည် လူနေ ကျဲကာ စပျစ်၊ ပန်းသီးနှင့် ဘယ်ရီသီးများကို နိုင်ငံခြားသို့ တင်ပို့ရန် စိုက်ပျိုးသည့် စိုက်ပျိုးရေးခြံများနှင့် သစ်တောဧရိယာများစွာ ရှိသည်။

Source: Aljazeera