CNI International News

အူလန်ဘာတာ၊ ဒီဇင်ဘာ ၇

လွှတ်တော်တွင်းသို့ ဝင်ရောက်ရန်ကြိုးပမ်းခဲ့သည့် မွန်ဂိုလီးယား ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခ များဖြစ်ပွားခဲ့သည်ဟု ရိုက်တာသတင်းတွင်ဖော်ပြသည်။

ငွေကြေးဖောင်းပွမှုမြင့်မားလာခြင်းနှင့် အစိုးရ၏အကျင့်ပျက်ခြစားခြင်းများကြောင့် အေးခဲနေသော အခြေအနေ အတွင်း လူထောင်ပေါင်းများစွာက စုဝေးဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

မြို့တော် အူလန်ဘာတာတွင် ဆန္ဒပြသူများသည် တနင်္ဂနွေနေ့မှ စတင်ခဲ့ခြင်းဖြစ်သည်ဟု လွတ်လပ်သော ရုပ်သံဌာန TenGer က ပြောသည်။ အစိုးရအရာရှိများသည် တရုတ်နိုင်ငံသို့ ကျောက်မီးသွေးရောင်းချခြင်းမှ အကျိုးအမြတ်ရရှိနေသည်ဟု ပေါ်ထွက်လာသော စွပ်စွဲချက်များကြောင့် ဆန္ဒပြပွဲများ အရှိန်ပြင်းထန်လာခြင်း ဖြစ်သည်။

ဆန္ဒပြသူများကို အစိုးရလွှတ်တော်တည်ရှိရာ နန်းတော်အပြင်ဘက်မှ ရဲများက စောင့်ကြပ်ကြည့်ရှုနေစဉ် (ဓါတ်ပုံ-ရိုက်တာ)

တနင်္လာနေ့တွင်လည်း ဆန္ဒပြပွဲများဆက်လက်ဖြစ်ပွားခဲ့ကာ လွှတ်တော်တည်ရှိရာ အစိုးရနန်းတော်ရှေ့တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ပဋိပက္ခဖြစ်ပွားခဲ့သည်။ လွှတ်တော်အဆောက်အဦကို ဝင်စီးရန် ကြိုးပမ်းခဲ့ သူများက နောက်ပိုင်းတွင် ရဲများနှင့် ကြမ်းကြမ်းတမ်းတမ်းထိပ်တိုက်တွေ့ဆုံမှုများလည်း ပြုလုပ်ခဲ့သည်။

အစိုးရအဖွဲ့များချမ်းသာသည်ထက် ချမ်းသာလျက်ရှိပြီး ပြည်သူတွေထက်ပို၍ ဇိမ်ကျကျနေနိုင်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ပေါင်မုန့်ကိုပင်အချပ်လိုက် ဝယ်စားနေရသည့်အခြေအနေတွင် ယင်းတို့ အဘယ့်ကြောင့် တည်တည်ငြိမ်ငြိမ်ဖြစ်နေနိုင်သလဲဆိုတာမသိကြောင်းနှင့် ယနေ့ဆန္ဒပြပွဲကို ပြည်သူများအတွက် ပါဝင်ခဲ့ရခြင်း ဖြစ်ကြောင်း ဆန္ဒပြသူတစ်ဦးက TenGer TV သို့ ပြောသည်။

ဆန္ဒပြပွဲများကြောင့် လက်ရှိအာဏာရပါတီမှ အမှုဆောင်ကော်မတီက အရေးပေါ်အစည်းအဝေးတစ်ရပ်ကို အင်္ဂါနေ့တွင်ပြုလုပ်ခဲ့သည်ဟုသိရပြီး အဆိုပါအစည်းအဝေးနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက် များကိုမူ မသိရသေးကြောင်း ရုပ်သံဌာနက ပြောသည်။

Source:usnews.com