CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၂၄

အမျိုးသမီး ၆ ဦးအား လိင်ပိုင်းဆိုင်ရာစော်ကားမှု ပြုလုပ်သည်ဟုဆိုကာ ပြစ်မှု ၉ မှုနဲ့ စွဲချက်တင်တာမှာ အပြစ်မရှိဘူးလို့ မန်စီးတီး အသင်းနောက်ခံလူ မန်ဒီ က ပြောကြားလိုက်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိ မန်ဒီ ဟာ ချက်စတာခရောင်း တရားရုံးမှာ မုဒိမ်းမှု ၇ မှု အပါအဝင် စွဲချက်တွေ အားလုံးကို ငြင်းဆန် သွားခဲ့တာပါ။ ပြင်သစ်လက်ရွေးစင် ကစားသမားဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ မုဒိမ်းကျင့်ဖို့အတွက် ကြိုးပမ်းမှုတို့နဲ့ စွပ်စွဲ ခံထားရတာ ဖြစ်ပါတယ်။

အဆိုပါ ပြစ်မှုတွေကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ကနေ ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွင်း မန်ဒီ ရဲ့ နေအိမ်မှာ ဖြစ်ခဲ့တာလို့ စွပ်စွဲထားတာပါ။ မန်ဒီ ဟာ ဇူလိုင် ၂၅ ရက် တရားရုံးမှာ ရုံးတင် စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

မန်ဒီ ဟာ ရုံးတင် စစ်ဆေးမခံရခင် အချိန်ထိ အာမခံနဲ့ နေရာမှာပါ။ မန်ဒီဟာ မန်စီးတီး အသင်းကနေ ဆိုင်းငံ့ခြင်း ခံထားရတဲ့ အတွက် အသင်းက ဆုဖလားနဲ့ အောင်ပွဲခံချိန်မှာ သူကတော့ တရားရုံးကို လာခဲ့ရတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်း နောက်ခံလူ မန်ဒီ (Sky News)

မန်ဒီ ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဖမ်းဆီးခံခဲ့ရပြီးနောက် ၁၃၄ ရက်ကြာ ချုပ်နှောင်ခံခဲ့ရကာ ဇန်နဝါရီလမှ အာမခံ ရခဲ့တာ ပါ။ မန်စီးတီး နောက်ခံလူဟာ အချုပ်အနှောင်ကနေ လွတ်မြောက်လာခဲ့ပေမယ့် တင်းကြပ်တဲ့ အခြေအနေတွေနဲ့ နေခဲ့ရတာ ဖြစ်ပါတယ်။

မန်ဒီ ဟာ ချက်ရှိုင်းယားရှိ ပေါင် ၄.၈ သန်းတန် နေအိမ်မှာ နေထိုင်နေပေမယ့် တရားဝင် အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ တွေ့ခွင့်ရှိပါတယ်။ တွဲဖက်တရားခံဖြစ်သူ လူးဝစ်ဆာဟာမက်တူရီ ကလည်း စွဲချက် ၁၂ မှုမှာ အပြစ်မရှိကြောင်း လျှောက်လဲ ချက် ပေးခဲ့တယ်လို့ သိရပါတယ်။

အသက် ၄၀ အရွယ်ရှိ သူဟာ ၂၀၁၂ ခုနှစ်၊ ဇူလိုင်ကနေ ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွင်း အမျိုးသမီး ၈ ဦး အပေါ်မှာ တိုက်ခိုက် မှုတွေနဲ့ ဆက်စပ်ပြီး မူဒိမ်းမှု ၈ မှု ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၄ မှု တို့မှာ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့တာပါ။

မန်ဒီ ဟာ ၂၀၁၇ ခုနှစ်က မိုနာကိုအသင်းကနေ ပေါင်သန်း ၅၀ နီးပါးနဲ့ ရောက်ရှိ လာခဲ့တာဖြစ်ပြီး စပါးအသင်းကို အရေး နိမ့်ခဲ့တဲ့ ရာသီအစပွဲမှာ မန်စီးတီး အသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ မန်ဒီ ဟာ ပြင်သစ် လက်ရွေးစင် အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Source: BBC/The Sun