CNI News 

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၄ 

မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲဝင်လိုသော ကိုယ်စားလှယ်လောင်းများ အလုံအလောက်မရှိဘဲ ရှားပါးမှုဖြင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများ၌ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။

ထို့နောက် နိုင်ငံရေးပါတီ စုစုပေါင်း ၅၀ ကျော် ပါတီမှတ်ပုံတင်ခဲ့ကြပြီး ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင် ထားကြသော်လည်း လုံခြုံရေး အာမခံချက် အားနည်းခြင်းနှင့် ခြိမ်းခြောက်မှုများရှိနေသည့်အတွက် ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးချယ်ခံလိုသော ကိုယ်စားလှယ်လောင်းများ ရှားပါးမှုဖြင့် ရင်ဆိုင်နေကြရသည်။

မိမိတို့ ပါတီသည် တစ်နိုင်ငံလုံး ဝင်ပြိုင်မည့်ပါတီဖြစ်သော်လည်း ကိုယ်စားလှယ်လောင်း အရေအတွက် မပြည့်သေး ကြောင်း၊ ကိုယ်စားလှယ်လောင်းများကို ဖိတ်ခေါ်နေကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ မြို့နယ်တစ်ခု၏ အတွင်းရေးမှူးအဖွဲ့ဝင် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတုန်းက PP ကိုယ်စားလှယ်လောင်းများကို တွေ့ရစဉ်

၎င်းက “မဲဆွယ်ကာလ အချိန်တွေ အများကြီး ကျန်နေသေးတဲ့အတွက် ပါတီဝင်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေ အရေအတွက်တော့ အတိအကျ ပြောလို့ မရသေးပါဘူး။  ရည်မှန်းထားတဲ့ ပါတီဝင်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေ အရေအတွက် မပြည့်သေးတဲ့အတွက် လက်ခံ စိစစ်နေဆဲပါပဲ။ PPP ကို ယုံကြည်လို့ အဖွဲ့ဝင်လာမဲ့ သူတိုင်းကို ပါတီ ဘက်က ပါတီဝင်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေ အရေအတွက် ပြည့်သည်ဖြစ်စေ၊ မပြည့်သည်ဖြစ်စေ ဆက်လက် ဖိတ်ခေါ်နေပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် နိုင်ငံရေးပါတီများသည် လာမည့်ရွေးကောက်ပွဲ၌ မိမိတို့ပါတီ ကိုယ်စားပြု၍ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် အရွေးချယ်ခံရန် အုပ်ချုပ်ရေးမှူးများ၊ စာရေးဆရာများ၊ သတင်းလောကသား များ၊ ယခင် ရွေးကောက်ပွဲယှဉ်ပြိုင်ခဲ့ဖူးသူများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးစိတ်ဝင်စားသူများကို စည်းရုံးလျက်ရှိနေသည်။

တချို့သော လူပုဂ္ဂိုလ်များဆိုလျှင် ပါတီ ၂ ခု သို့မဟုတ် ၃ ခုက လာရောက်၍ ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန် စည်းရုံးခံရမှုများပင် ရှိနေကြောင်း သိရသည်။

မိမိတို့ပါတီသည် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး တစ်ခုတည်းမှာသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ လက်ရှိမှာတော့ အရည်အချင်း ပြည့်မီသော ကိုယ်စားလှယ်လောင်းများ အပြည့်အဝ မရရှိသေးကြောင်း ကရင်ပြည်သူ့ ပါတီ(KPP)ဥက္ကဋ္ဌ ဒေါ်နန်းခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ခွဲကို တွေ့ရစဉ် 

၎င်းက “ကျမတို့ ပါတီအနေနဲ့ ဝင်ရောက် အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းတွေလည်း အဆင်သင့် မဖြစ်သေးပါ ဘူး။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပကတည်းက ပြည်သူလူထုအကြား ကျမတို့ ပါတီကို လူသိများကြပြီး အသိ အမှတ် ပြုနိုင်အောင် Founder က ရှေ့ဆောင်လမ်းပြ ဆောင်ရွက်ခဲ့တာ ဖြစ်တာကြောင့် အခုနှစ် ရွေးကောက်ပွဲ ဝင် ပြိုင်မယ်ဆိုတော့ ထောက်ခံ အားပေးသံတွေလည်း ကြားနေရပါတယ်။ ကျမတို့ ပါတီထဲ ဝင်မယ်ဆိုရင် UEC က သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ကိုက်ညီမှု ရှိရန်လိုပါတယ်။ လက်ရှိမှာ အရည်အချင်း ပြည့်မီသူတွေကို အပြည့်အဝ မရရှိသေးပါဘူး။ မကြာခင် အရည်အချင်း ပြည့်မီသူတချို့ ဝင်လာဖို့ရှိတယ်။ ဧရာဝတီတိုင်း အတွင်းထဲမှာတော့ တခြား ပါတီတွေ အနေနဲ့ လှုပ်ရှားဆောင်ရွက်တာ သိပ်မတွေ့ရသေးပါဘူး။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကတော့ အများသိတဲ့အတိုင်း အင်နဲ့အားနဲ့ တည်ထောင်ထားတာဖြစ်လို့ အင်နဲ့အားနဲ့ လှုပ်ရှားဆောင်ရွက်နိုင်ဖွယ် ရှိပါတယ်။ ကျမတို့ ပါတီကတော့ သိပ်ပြီး မလှုပ်ရှားနိုင်သေးဘူး။ သို့သော်လည်း လူထုရဲ့ အားပေးထောက်ခံသံတွေကို ကြား နေရတဲ့အတွက် ဆောင်ရွက်ကြိုးပမ်းမှုအတွက် အထောက်အကူ ဖြစ်စေပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ရွေးကောက်ပွဲကို အပိုင်းလိုက် ခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောထားသည်။

သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တချို့ အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများက မြန်မာနိုင်ငံ တွင် ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ထုတ်ပြန်ထားသလို ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့်သူများနှင့် ပူးပေါင်းဆောင်ရွက်သူများကို အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲ၌ ဝင်ရောက်အရွေးချယ်ခံလိုသော ကိုယ်စားလှယ်လောင်းများ အလွန်နည်းပါးနေသည့်အတွက် နိုင်ငံရေးပါတီများသည် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ အလုံအလောက် မရရှိဘဲ ပါတီဝင်မဟုတ်သော ပြင်ပ အရပ်သားများကို စည်းရုံးလျက်ရှိနေကြသည်။