CNI International News

ဒါကာ ၊ ဧပြီ ၁၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)သည် ၂၀၂၅ ခုနှစ် ဧပြီတွင် ဘင်္ဂလားဒေ့ရှ်မှ အမေရိကန်သို့ တင်ပို့သည့် ပို့ကုန်များအပေါ် အခွန် ၃၇ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်၏ အထည်ချုပ်လုပ်ငန်းအပေါ် ခြိမ်းခြောက်မှုများ ရှိလာခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ထရမ့်သည် ဘင်္ဂလားဒေ့ရှ်၏ ပို့ကုန်များကို ပုံမှန်ကောက်ခံနေကြ ကုန်သွယ်ခွန် ၁၅ ရာခိုင်နှုန်းထက်ပိုပြီး ၃၇ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

ထရမ့်သည် အမေရိကန်လုပ်ငန်းများကို ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ကုန်သွယ်ခွန်များ တိုးမြှင့်ကောက်ခံခဲ့ခြင်း ဖြစ်သော်လည်း ၎င်း၏ အစီအစဉ်သည် ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေး၊ အထူးသဖြင့် အထည်ချုပ်လုပ်ငန်းကို ကြီးမား စွာ သက်ရောက်စေခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဈေးတန်းကိုတွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒေါ်လာ ၂၅ ဘီလျံ တန်ဖိုးရှိသည့် နှစ်စဉ်ပို့ကုန် စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းသည် အထည်ချုပ်လုပ်ငန်းကဏ္ဍမှ ဖြစ်သည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့အကြီးအကဲ မိုဟာမက်ယူနွတ် (Muhammad Yunus) သည် ဘင်္ဂလားဒေ့ရှ် ပို့ကုန်များအပေါ် ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှုအား ၃ လကြာ ဆိုင်းငံ့ပေးရန် အမေရိကန်ကို တရားဝင် တောင်းဆိုထားသည်။

အမေရိကန်ထံမှ သဘာဝဓာတ်ငွေ့ရည်နှင့် စိုက်ပျိုးရေးထွက်ကုန်များ ဝယ်ယူရန် သဘောတူညီချက်များ အပါအဝင် အမေရိကန်၏ ကုန်စည်များကို ပိုမိုတိုးမြှင့်ဝယ်ယူမည့် ဘင်္ဂလားဒေ့ရှ်၏ အစီအစဉ်ကို ယူနွတ်က အလေးထားဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံး အထည်ချုပ် ပို့ကုန်ဈေးကွက်ဖြစ်သည့် ဥရောပသမဂ္ဂသည် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးများနှင့် စီးပွားရေး သက်ရောက်မှုတို့ကို ပေါင်းစပ်ပြီး အခြေအနေကို သုံးသပ်လျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံတစ်ခုကိုတွေ့ရစဉ်

ထို့ကြောင့် ထိုအခြေအနေများသည် ဘင်္ဂလားဒေ့ရှ်၏ သန်းနှင့်ချီသည့် အထည်ချုပ် စက်ရုံဝန်ထမ်းများ၏ စားဝတ်နေရေးကို  ခြိမ်းခြောက်လာဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အထည်ချုပ် လုပ်သားအများစု၏ တစ်လ လုပ်ခလစာသည် ၁၀၄ ဒေါ်လာသာရှိသည်။

ထိုအခြေအနေမျိုးတွင် ကုန်သွယ်ခွန်များ မြင့်တက်မှုကြောင့် အမေရိကန် ဝယ်သူများက ဘင်္ဂလားဒေ့ရှ်ထံမှ အဝတ်အထည်များ အော်ဒါမှာယူမှုကို လျှော့ချလိုက်မည်ဆိုပါက ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံများ ပိတ်ရ မည်ဖြစ်ပြီး အလုပ်အကိုင်များ ဆုံးရှုံးရဖွယ်ရှိသည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ အနေဖြင့်လည်း အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်မှုနှင့် ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေး အခြေအနေတို့ကို မည်သို့ တုန့်ပြန်မည်ဆိုခြင်းကို ပြည်သူများက စောင့်ကြည့်နေကြသည်။

Source: Nikkei Asia