CNI International News
ဒါကာ၊ ဇူလိုင် ၁၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ကုန်သွယ်ခွန်များ တိုးမြှင့် ကောက်ခံမည်ဟု ကြေညာခဲ့ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေး လုပ်ငန်းရှင်များနှင့် အလုပ်သမားများကြား စိုးရိမ်မှုများ မြင့်တက်ခဲ့ကြသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ကုန်သွယ်ခွန် ၃၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည့် အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့် ကောက်ခံမှု အစီအစဉ်သည် ဩဂုတ် ၁ ရက်တွင် စတင် အသက်ဝင်လာမည် ဖြစ်သော်လည်း အမေရိကန်နှင့် ကုန်သွယ်ရေး သဘောတူညီမှု ရရှိအောင် မစွမ်းဆောင်နိုင်သေးသည့် ဘင်္ဂလားဒေ့ရှ်အစိုးရအပေါ် အားမလိုအားမရ ဖြစ်နေကြသည်။
ထရမ့်သည် ဗီယက်နမ်နိုင်ငံအပေါ် ကုန်သွယ်ခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း ဗီယက်နမ်သည် အမေရိကန်နှင့် ကုန်သွယ်ရေး သဘောတူညီချက် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထို့ကြောင့် ထရမ့်သည် ဗီယက်နမ်အပေါ် ကုန်သွယ်ခွန် ၂၀ ရာခိုင်နှုန်းသာ ကောက်ခံမည်ဟု လျှော့ပေးခဲ့သည်။
သို့သော် ဘင်္ဂလားဒေ့ရှ်အပေါ် ကုန်သွယ်ခွန် ၃၅ ရာခိုင်နှုန်း ကောက်ခံမှုကို လျှော့ချနိုင်ခြင်း မရှိပါက ဘင်္ဂလားဒေ့ရှ် စီးပွားရေးအတွက် အဓိကနေရာတွင် ရှိနေသည့် အထည်ချုပ်လုပ်ငန်းအပေါ် ဆိုးရွားစွာ သက်ရောက်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၏ အထည်ချုပ်လုပ်ငန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍမှ ရရှိသည့်ဝင်ငွေ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ရှိသည်။
အဆိုပါ အထည်ချုပ်လုပ်ငန်းသည် လူပေါင်း ၄ သန်းကို အလုပ်အကိုင်ရရှိစေကာ နှစ်စဉ် နိုင်ငံ့ဂျီဒီပီ၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသည်။
အထည်ချုပ် လုပ်ငန်းတစ်ခုတွင် ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေသည့် ရိုင်မွန်နီ ဘာလာ (Raimoni Bala) အမည်ရှိ အမျိုးသမီး တစ်ဦးကမူ အမေရိကန်၏ ကုန်သွယ်ခွန် ကောက်ခံမှု အစီအစဉ်ကြောင့် အလုပ်အကိုင်များ ဆုံးရှုံးနိုင်မည့် အရေးကို နေ့စဉ်ပူပန်နေရကြောင်း ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ခေါင်းဆောင် ယူနွတ်ကို တွေ့ရစဉ်
“ပြီးခဲ့တဲ့ လတွေကတည်းက အလုပ်အကိုင်တွေ လျှော့ချနိုင်မယ့် အခြေအနေကို လူတိုင်းက ပြောနေကြပါတယ်။ ဒီအထည်ချုပ်လုပ်ငန်းမှာ လုပ်ကိုင်နေချိန်တိုင်းမှာ ဘယ်အချိန် အလုပ်ပြုတ်မလဲဆိုတာကိုပဲ တွေးပူနေရပါတယ်” ဟု ဘာလာက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ခေါင်းဆောင် မိုဟာမက် ယူနွတ် (Muhammad Yunus) ထံပေးပို့သည့် ထရမ့်၏ ပေးစာထဲတွင် ဩဂုတ်လ ၁ ရက်မှစပြီး ဘင်္ဂလားဒေ့ရှ်မှ အမေရိကန်သို့ တင်ပို့မည့် ပို့ကုန်များအပေါ် ကုန်သွယ်ခွန် ၃၅ ရာခိုင်နှုန်း ကောက်ခံမည်ဟု ရေးသားထားသည်။
လက်ရှိ အချိန်တွင် ကုန်သွယ်ခွန် လျှော့ချရေးအတွက် အမေရိကန်နှင့် ကုန်သွယ်ရေး သဘောတူညီမှု ရရှိရန် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးနှင့် ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားခဲ့သည်။
Source: Nikkei Asia