CNI International News
နယူးဒေလီ၊ ဒီဇင်ဘာ ၁၁
အိန္ဒိယနိုင်ငံ၏ IndiGo လေကြောင်းလိုင်းအနေဖြင့် လေကြောင်းလိုင်း အချိန်ဇယားများကို တင်သွင်းရန် အချိန် ၁ ရက် ရမည်ဖြစ်ကြောင်းနှင့် လေကြောင်းခရီးစဉ်များကို ၅ ရာခိုင်နှုန်းလျှော့ချရန် အိန္ဒိယ၏ ပြည်သူ့လေကြောင်း ညွှန်ကြားရေးမှူးချုပ်ရုံး (DGCA) က ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
အိန္ဒိယ၏ အကြီးဆုံး လေကြောင်းလိုင်းဖြစ်သည့် IndiGo သည် ယခုလအတွင်း လေကြောင်းခရီးစဉ်ပေါင်း ၂၀၀၀ ကျော်ကို ဖျက်သိမ်းခဲ့သဖြင့် ထောင်နှင့်ချီသည့် ခရီးသည်များသည် ခရီးစဉ်များ နှောင့်နှေးကြန့်ကြာပြီး ဒုက္ခ ရောက်ခဲ့ကြသည်။
ယခုအခါတွင် DGCA ၏ ညွှန်ကြားချက်အရ IndiGO သည် တစ်ရက်လျှင် လေကြောင်းခရီးစဉ် ၁၁၅ ခုအထိ လျှော့ချရန် လိုအပ်မည်ဖြစ်သည်။
IndiGO သည် ဒီဇင်ဘာ ၉ ရက်ကလည်း လေကြောင်း ခရီးစဉ် ၂၂၀ ကျော်ကို ဖျက်သိမ်းခဲ့ပြီး ခရီးသည်များကို တောင်းပန်ခဲ့ကာ လက်မှတ်ခများကို ပြန်အမ်းပေးခဲ့သည်။

IndiGo လေကြောင်းခရီးစဉ်တွေ ရပ်လိုက်လို့ ခရီးသည်တွေ သောင်းတင်နေကြစဉ်
အိန္ဒိယ ပြည်တွင်းစျေးကွက်၏ ၆၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားသည့် IndiGo လေကြောင်းလိုင်းသည် နွေရာသီလေကြောင်းခရီးစဉ် အချိန်ဇယားတွင် ခရီးစဉ်များကို ၆ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပြီးနောက် ခရီးစဉ်များအား စီမံခန့်ခွဲရာ၌ မနိုင်မနင်းဖြစ်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
“လေကြောင်းလိုင်းဘက်က လေကြောင်းခရီးစဉ်တွေကို ပြေးဆွဲပေးတဲ့နေရာမှာ စီမံခန့်ခွဲနိုင်စွမ်း မရှိခဲ့တာကို ပြသရာ ရောက်ခဲ့ပါတယ်။ အဲဒါကြောင့် လေကြောင်းခရီးစဉ်တွေကို လျှော့ချဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်”ဟု DGCA က ပြောကြားခဲ့သည်။
ထို့ပြင် IndiGo လေကြောင်းလိုင်း အနေဖြင့် ပြိုင်ဘက် လေကြောင်းလိုင်းများ ပြေးဆွဲနေသည့် လေကြောင်း ခရီးစဉ် လမ်းကြောင်းများတွင်လည်း IndiGo ၏ လေကြောင်းခရီးစဉ်များကို လျှော့ချရန် DGCA က ပြောကြားခဲ့ သည်။
“IndiGo လေကြောင်းလိုင်းရဲ့ ခရီးစဉ်တွေ ဖျက်သိမ်းမှုကြောင့် လေကြောင်းကဏ္ဍမှာ ကမောက်ကမ ဖြစ်ခဲ့ရတဲ့ အခြေအနေဟာ အခုတော့ ပြန်ပြီးတည်ငြိမ်သွားပါပြီ။ ကျန်တဲ့ လေကြောင်းလိုင်းအားလုံးက ပုံမှန်လည်ပတ် နေပါပြီ” ဟု ပြည်သူ့လေကြောင်းဝန်ကြီး ရမ် မိုဟန် နာအီဒူ (Ram Mohan Naidu) က ပြောကြားခဲ့သည်။
IndiGo လေကြောင်းလိုင်းသည် ဒီဇင်ဘာ ၂ ရက်က လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း ထိုလေကြောင်းလိုင်းကုမ္ပဏီ၏ တန်ဖိုးသည် ၁၇ ဒသမ ၁ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ကာ ဒီဇင်ဘာ ၈ ရက်က စတော့ရှယ်ယာ စျေးကွက်တွင်လည်း တန်ဖိုး ၀ ဒသမ ၂၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
Source: DW
