CNI International News
ဘန်ကောက်၊ မတ်လ ၂၆
အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ အရှိန်မြင့်လာခြင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ရုတ်တရက် မြင့်တက်သွားခြင်းသည် ထိုင်းနိုင်ငံ၏ စီးပွားရေးအပေါ် ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်စေကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ သက်ရောက်မှုများသည် ရေကြောင်းပို့ဆောင်ရေး၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနှင့် လေကြောင်း ကဏ္ဍများတွင် ကုန်ကျစရိတ်များ မြင့်တက်စေသည့်အပြင် အသေးစား လုပ်ငန်းရှင်များမှစ၍ အဓိက အီလက်ထရောနစ် ပလက်ဖောင်းကြီးများအထိ ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။
အလားတူ စားသောက်ကုန်နှင့် လက်လီ လုပ်ငန်းများ၏ ထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး စရိတ်များလည်း မြင့်တက်လာနေသည်။
Chao Phraya Express Boat Ltd (CPX) ၏ မန်နေဂျင်းဒါရိုက်တာ ချာရွန်ပွန် ချာရွန်သမ် (Charoenporn Charoentham) ကမူ ၎င်းတို့၏ ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းသည် လောင်စာဆီစရိတ် မြင့်မားလာမှုနှင့် အနာဂတ်တွင် စက်သုံးဆီ ရရှိနိုင်မည့် ပမာဏအပေါ် မရေရာမှုများကြောင့် အကြီးအကျယ် ထိခိုက်နေရကြောင်း ပြောကြားခဲ့သည်။

ထိုင်းလေကြောင်းလိုင်းကို တွေ့ရစဉ်
အကယ်၍ ဒီဇယ်ဈေးနှုန်းမှာ ဆက်လက် မြင့်တက်နေပါက CPX အနေဖြင့် ခရီးစဉ် ဝန်ဆောင်မှုများကို လျှော့ချရန် သို့မဟုတ် လုပ်ငန်း လည်ပတ်မှုများကိုပါ ရပ်ဆိုင်းရန်အထိ ဖြစ်လာနိုင်ကြောင်း ၎င်းက သတိပေးထားသည်။
စက်သုံးဆီဈေးနှုန်း မြင့်တက်မှုဒဏ်အပြင် ခရီးသည် အရေအတွက် လျော့နည်းသွားသည့် အခြေအနေနှင့်လည်း ရင်ဆိုင်နေရသည်ဟု ချာရွန်ပွန်က ပြောကြားခဲ့သည်။
ထို့ပြင် Transport Co, Ltd. ၏ ဘတ်စ်ကားလုပ်ငန်း လည်ပတ်မှုဆိုင်ရာ လက်ထောက်မန်နေဂျင်း ဒါရိုက်တာ ဆူဖန် ဆီလာအာဖွန် (Suphang Sila-aphon) ကမူ ၎င်းတို့အနေဖြင့် လောင်စာဆီ ရရှိမှုကို စီမံခန့်ခွဲနိုင်ဆဲဖြစ်ပြီး ဝန်ဆောင်မှုများကိုလည်း ချောမွေ့စွာ ဆက်လက် ထိန်းသိမ်းထားနိုင်သေးကြောင်း ပြောကြားခဲ့သည်။
“ဒါပေမယ့် ရေနံဈေးနှုန်းတွေက ရေရှည်မှာ ဆက်ပြီး မြင့်တက်နေမယ်ဆိုရင်တော့ ဒါဟာ လုပ်ငန်းရှင်တွေရဲ့ ကုန်ကျစရိတ်ကို ရိုက်ခတ်လာနိုင်ပြီး ခရီးစဉ် လက်မှတ်ခတွေကို မတိုးဘဲ ဆက်ထိန်းထားနိုင်ဖို့ ခက်ခဲသွားပါ လိမ့်မယ်” ဟု ၎င်းက သတိပေးခဲ့သည်။

ထိုင်းဘတ်စ်ကားလိုင်းကို တွေ့ရစဉ်
Thai Airways International (THAI) ၏ စီးပွားရေးလုပ်ငန်း အမှုဆောင်ချုပ် ချိုင် အမ်စီရီ (Chai Eamsiri) ကလည်း လေယာဉ်ဆီ စျေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၀ ဝန်းကျင် မှ ဒေါ်လာ ၂၀၀ ကျော် အထိ ထိုးတက်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိုသို့ လေယာဉ်ဆီစျေးများ အဆမတန် မြင့်မားလာမှုကြောင့် လေကြောင်းလိုင်း အနေဖြင့် လက်မှတ်စျေးနှုန်း များကို ပျမ်းမျှ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရမည့် အခြေအနေသို့ ရောက်ရှိစေခဲ့ကြောင်း ၎င်းက ဆိုသည်။
လက်မှတ်ခ စျေးနှုန်းများကို ချက်ချင်း ပြောင်းလဲခဲ့သော်လည်း ကုန်ကျစရိတ် အားလုံးကို ချက်ချင်း ကာမိစေရန်မှာ မဖြစ်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။
အဘယ်ကြောင့်ဆိုသော် လေယာဉ် လက်မှတ် အများအပြားကို လောင်စာဆီစျေးနှုန်း မတက်မီကပင် ကြိုတင် ရောင်းချထားပြီး ဖြစ်သောကြောင့် ကုန်ကျစရိတ်နှင့် ဝင်ငွေအကြား ကွာဟမှု ဖြစ်ပေါ်နေခြင်းဖြစ်သည်။
သို့သော် Thai Airways သည် ယခုနှစ်လယ်အထိ လောင်စာဆီ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်ကို ကြိုတင် စျေးနှုန်း သတ်မှတ်ဝယ်ယူသည့် နည်းလမ်းဖြင့် လုပ်ဆောင်ထားသောကြောင့် ရိုက်ခတ်မှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
Source: The Nation
