CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အလမ်းများနှင့် ရသင့်ရထိုက်သည်များကို ထိုင်းအစိုးရမှ ဆောင်ရွက်ပေးစေလိုကြောင်း ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ များက ပြောသည်။

ထိုင်းနိုင်ငံတွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့ကြောင်း၊ ရွေးကောက်ပွဲအလွန် တက်လာမည့် ထိုင်းအစိုးရသည် ရွှေ့ပြောင်း အလုပ်သမားအ‌ရေးနှင့် ပတ်သက်၍ မည်သည့် အခွင့်အလမ်းများ ဆောင်ရွက် ပေးနိုင်မလဲဆိုသည်ကို ထိုင်းရောက် မြန်မာလုပ်သားများနှင့် ရွှေ့ပြောင်း အလုပ်သမားရေး ဆောင်ရွက်နေသူများက စောင့်ကြည့်နေကြသည်။  

ထိုင်းနိုင်ငံတွင် မည်သည့် အစိုးရတက်သည်ဖြစ်စေ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆွေးနွေးပြီး အလုပ်သမားများ ရသင့်ရထိုက်သည့် အခွင့်အရေးများ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရသည်များကို ဖြေရှင်း ဆောင်ရွက်ပေး စေချင်သည်ဟု ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။ 

ရွှေ့ပြောင်းလုပ်သားတွေကိုတွေ့ရစဉ်

၎င်းက “ဘယ်အစိုးရပဲ တက်တက်ပေါ့ဗျာ။ ဒါပေမယ့် အဲဒီအစိုးရတွေက ရွှေ့ပြောင်း အလုပ်သမားရေးကို တောက် လျှောက် လုပ်လာတဲ့ ပုဂ္ဂိုလ်တွေ ပညာရှင်တွေ ဒီအဖွဲ့အစည်းတွေနဲ့ အမြဲတမ်း အကြံပေး ညှိနှိုင်းဆွေးနွေး ပြီးတော့ လိုအပ်သလိုပြုပြင် အဲဒါမျိုး လုပ်တယ်ဆိုလို့ရှိရင် ကြားထဲက ပွဲစားတွေ အေဂျင်စီတွေ လျော့နည်းအောင် လုပ်မယ်။ ပြီးရင် အခွင့်‌အရေးကို ချိုးဖောက်တဲ့ အလုပ်‌ရှင်တွေကို ဘယ်လိုမျိုး ကိုင်တွယ်မယ် စသဖြင့်ပေါ့။ နောက်ပြီးတော့ ဥပဒေလမ်းကြောင်းနဲ့ အရေးယူတဲ့ အခါမှာလည်း ထင်သာမြင်သာနဲ့ တကယ်ကို မတရားလုပ်တဲ့ ကျူးလွန်တဲ့ အလုပ်ရှင်တွေကို အရေးယူတဲ့ဟာတွေ။ နောက်ပြီးတော့ အကျိုးခံစားခွင့် အပိုင်းမှာဆိုလို့ရှိရင်လည်း ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ ရသင့်ရထိုက်တဲ့ဟာကို ထိုင်းအလုပ်သမားတွေ နည်းတူပဲပေါ့နော် အခြေခံ အပိုင်းမှာ လူမှုဖူလုံရေး အခွင့်အရေးတွေကို အဲဒါမျိုးရအောင် လုပ်ပေးနိုင်တဲ့ မူဝါဒမျိုး အဲဒီဟာတွေ လိုတာပေါ့ နော်။ အဲဒါတွေကိုသာ အစိုးရတွေက ဘယ်အစိုးရပဲတက်တက် ဒီကဏ္ဍတွေကို လုပ်ပေးနိုင်တယ်ဆိုလို့ရှိရင် နှစ်ဦး နှစ်ဖက်ပေါ့ သူတို့နိုင်ငံရဲ့ အကျိုးစီးပွားလည်း အဆင်ပြေမယ်။ အလုပ်သမားတွေ အတွက်လည်း ခုနကပြောတဲ့ အကျိုးခံစားခွင့်နဲ့ လူမှုဖူလုံရေးကဏ္ဍတွေ  အဆင်ပြေတာပေါ့” ဟု ပြောသည်။ 

လတ်တလောတွင် ထိုင်းနိုင်ငံအတွင်းမှာ စာရွက်စာတမ်း သက်တမ်းတိုးခွင့် ကိစ္စရပ်သည် ရွှေ့ပြောင်း အလုပ် သမားများအတွက် အဆိုးရွားဆုံး အခက်အခဲတစ်ခု ဖြစ်နေကြောင်း၊ ထိုကိစ္စရပ်အား ထိုင်းအစိုးရ အနေဖြင့် ရွှေ့ပြောင်း အလုပ်သမားအရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေး‌ ဆောင်ရွက်စေချင်သည်ဟု‌ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။ 

ရွှေ့ပြောင်းလုပ်သားတွေကိုတွေ့ရစဉ်

၎င်းက “အဲဒါကတော့ လတ်တလောမှာ တစ်နိုင်ငံလုံးမှာ အလုပ်သမားတွေ သောက ဖြစ်နေတာကတော့ အဲဒီ စာရွက်စာတမ်း သက်တမ်းတိုးခွင့် ကိစ္စတွေ။ အဲ့မှာ အုပ်စုတွေကလည်း မတူကြဘူး။ သူတို့နိုင်ငံကနေပြီးမှ အလုပ်လုပ်ခွင့် လက်မှတ်တွေ တစ်ကြိမ်ပြီးတစ်ကြိမ် ဖွင့်ပေးလိုက်တာကြောင့် ပထမအုပ်စုနဲ့ ဒုတိယအုပ်စုနဲ့ တတိယအုပ်စုနဲ့ နောက် MOU အသွင်ပြောင်း အုပ်စုတွေနဲ့ MOU သက်တမ်း ကုန်အုပ်စုတွေနဲ့ အများကြီးရှိနေတဲ့ အတွက်ကြောင့် ဒီဟာတွေက ထိုင်းနိုင်ငံမှာ လတ်တလောမှာ အဆိုးရွားဆုံး အခက်အခဲတွေ ဖြစ်တယ်။ ဒါလည်း ကျ‌နော်တို့က အလျဥ်းသင့်သလို အမြဲတမ်း တင်ပြနေတယ်။ ဒါကတော့ အလုပ်သမားဝန်ကြီးဌာနနဲ့ တိုက်ရိုက် သက်ဆိုင်တာ။ အလုပ်သမားဝန်ကြီးဌာနက ဆယ်စုနှစ်ပေါင်း မြောက်မြားစွာ ဒီစာရွက်စာတမ်း သက်တမ်းတိုး ကိစ္စတွေကို ဦးဆောင်ပြီး လုပ်ခဲ့ပြီးခါမှ အခု ပုဂ္ဂလိက ကုမ္ပဏီကို အပြီးလွှဲပြောင်းပေးအပ်ပြီးမှ လုပ်ခိုင်းလိုက်တာ ဖြစ်တဲ့အတွက်ကြောင့် အစိုးရ ဘာမှမလုပ်ဘဲနဲ့ ပုဂ္ဂလိက လုပ်တဲ့အခါမှာ အွန်လိုင်းစနစ်တွေနဲ့ လုပ်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေက ပိုမိုဆိုးရွားလာတယ်ပေါ့လေ။ ဆိုတော့ အဲဒါတွေကို အကောင်းဆုံးဖြစ်အောင် အစိုးရအနေနဲ့ အကောင်းဆုံးဖြစ်အောင် ပုဂ္ဂလိက company နဲ့ ဘယ်လိုမူဝါဒတွေ ချိန်းပြီး လုပ်ပေးမလဲဆိုတာကို ကျနော်တို့က ပြောဆိုဆွေးနွေးဖို့ အကြောင်းအရာတွေ ရှိပါတယ်” ဟု ပြောသည်။

ထို့ပြင် ထိုင်းနှင့် မြန်မာများအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ ယခုအချိန်ထိ စစ်ဆေးမှုများ များပြားနေကြောင်း၊ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ တရားဝင် ၆ သန်းရှိသလို တရားမဝင် ၄ သန်းရှိကြောင်း လူဝင်မှုကြီးကြပ်ရေး စာရင်းများနှင့်အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။