CNI International News

ရီးယာ့ဒ်၊ ဇန်နဝါရီ ၂၀

ယီမင်နိုင်ငံတွင် ယူအေအီးနိုင်ငံက ထောက်ခံပေးထားသည့် တောင်ပိုင်းခွဲထွက်ရေးအုပ်စု၏ အဖွဲ့ ဖျက်သိမ်း ခဲ့ပြီးနောက် ယီမင်နိုင်ငံရေးသမားများသည် ဆော်ဒီနိုင်ငံ၊ ရီးယာ့ဒ် (Riyadh) မြို့တော်တွင် ပထမဆုံးအကြိမ် လူသိရှင်ကြား အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ဆော်ဒီက အဆိုတင်သွင်းခဲ့သည့် ညီလာခံမတိုင်မီ ပြုလုပ်သည့် ထိုအစည်းအဝေးတွင် ယီမင်တောင်ပိုင်း၏ အနာဂတ်ကို ဆွေးနွေးခဲ့ကြသည်။

ယီမင်တောင်ပိုင်းရှိ ခွဲထွက်ရေးဝါဒီများ၏ တောင်းဆိုမှုများသည် အီရန်က ထောက်ခံပေးထားသည့် ဟူရ်သီအဖွဲ့က ဆန်နာမြို့တော်ကို ထိန်းချုပ်ခဲ့သော ၂၀၁၄ ခုနှစ်ကတည်းက စတင်ခဲ့သည့် ယီမင်ပြည်တွင်းစစ်တွင် အဓိက အစိတ်အပိုင်း တစ်ခုဖြစ်သည်။

ထိုအချိန်က ဟူရ်သီအဖွဲ့သည် ဆန်နာမြို့တော်ကို ထိန်းချုပ်ခဲ့သဖြင့် နိုင်ငံတကာ အသိအမှတ်ပြု အစိုးရအဖွဲ့သည် ယီမင်တောင်ပိုင်းသို့ တိမ်းရှောင်ခဲ့ရပြီး နောက်ပိုင်းတွင် ဆော်ဒီသို့ ရွှေ့ပြောင်းခဲ့သည်။

ယီမင်ပြည်တွင်းစစ်တွင် များပြားရှုပ်ထွေးလှသည့် ဂိုဏ်းဂဏများ၊ လူမျိုးစု မကျေနပ်ချက်များနှင့် ဒေသတွင်း အင်အားကြီးနိုင်ငံများ၏ ပါဝင်မှုများကြောင့် ယနေ့အထိ တိကျပြတ်သားသည့် အဖြေကို ရှာဖွေနိုင်ခြင်း မရှိ သေးပေ။

ခွဲထွက်ရေးအုပ်စုများကို တွေ့ရစဉ် 

“ဒီတွေ့ဆုံမှုဟာ လူမှုအလွှာပေါင်းစုံနဲ့ ပြည်နယ်အသီးသီးက တောင်ပိုင်းခေါင်းဆောင်တွေ စုပေါင်းဖော်ပြလိုက်တဲ့ တောင်ပိုင်းသားတွေရဲ့ ညီညွတ်တဲ့ ဆန္ဒဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အရေးကိစ္စအတွက် တရားမျှတပြီး ဘေးကင်း လုံခြုံကာ အာမခံချက်ရှိတဲ့ ဖြေရှင်းချက် တစ်ခုကို ရှာဖွေဖော်ထုတ်သွားမှာ ဖြစ်ပါတယ်” ဟု ရီးယာ့ဒ်တွင် ပြုလုပ် သည့် ယီမင်နိုင်ငံရေးသမားများ၏ အစည်းအဝေးအပြီး ထုတ်ပြန်ချက်၌ ဖော်ပြခဲ့ကြသည်။

ယခင်က တည်ရှိခဲ့သော တောင်ပိုင်း အသွင်ကူးပြောင်းရေးကောင်စီ (Southern Transitional Council - STC) သည် ဒီဇင်ဘာလအတွင်းက ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သည့် တောင်ပိုင်းနယ်မြေများမှ ပြန်လည် ဆုတ်ခွာပေးရန် ငြင်းဆန်ခဲ့ပြီးနောက် ဆော်ဒီသည်  STC ၏ အခြေစိုက် စခန်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သိမ်းပိုက်ခံခဲ့ရသည့် နယ်မြေများထဲတွင် ဆော်ဒီနယ်စပ်ရှိ ဟာဒရာမော့တ် (Hadramout) ဒေသလည်း ပါဝင်ပြီး ယခုအခါ၌ ဆော်ဒီက ကျောထောက်နောက်ခံ ပြုထားသော ယီမင်အစိုးရတပ်ဖွဲ့များသည် ဟာဒရာမော့တ်နှင့် မာဟ်ရာ (Mahra) ပြည်နယ်များကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။

Source: အေပီ