CNI News
၂၀၂၆ ခုနှစ်၊ မေလ ၆
သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရလက်ထက် နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းတွင် တရုတ်၏ ဖိအားပေးမှုကြောင့် ရှမ်းမြောက်သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊ AA တို့ ငြိမ်းချမ်းရေး လုပ်လာနိုင်လား ဆိုသည်ကို စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များအကြား လေ့လာစောင့်ကြည့်နေကြသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀-၂၁ ရက်နေ့များက NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပြင် လက်မှတ် မရေးထိုးထားရသေးသည့် အဖွဲ့များအနေဖြင့် ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ငြိမ်းချမ်း ရေး ဆွေးနွေးကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ထားသည်။
အလားတူ NCA လက်မှတ် ရေးထိုးထားပြီး ၅ နှစ်အတွင်း တွေ့ဆုံခြင်း မရှိသည့် အဖွဲ့များဖြစ်သော KNU၊ CNF၊ ABSDF အဖွဲ့များကိုလည်း ဖိတ်ခေါ်ထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တရုတ်သည် မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဟာမိတ်သုံးဖွဲ့ (MNDAA-AA-TNLA)ကြား ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရေး ဖိအားပေး၍ ကြားဝင်စေ့စပ် ညှိနှိုင်းပေးနေ သလို မြန်မာ- တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိမြို့များ မြန်မာ့တပ်မတော်ထံ ပြန်လွှဲပေးရန် လည်း ဖိအားပေးလျက်ရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဟာမိတ်သုံးဖွဲ့ ဖြစ်ကြသည့် MNDAA-AA-TNLA တို့သည့် ငြိမ်းချမ်းရေး လမ်းစဥ်ပေါ် တက်နိုင်ရန်အတွက်မှာ အစိုးရဘက်မှ စစ်ရေးအရ ဖိအားပေးမှသာဖြစ်နိုင်ကြောင်း၊ ထို့သို့ မဟုတ်လျှင် မလွယ်ကူ နိုင်ဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “(ရှမ်းမြောက်သုံးဖွဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တက်ဖို့က) အဲဒါက သိပ်မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး ဆို တာက ဒီဘက်က စစ်ရေးအရ Pressure ပေးနိုင်မှ ဒါက ဖြစ်မှာ။ ဒီဘက်က စစ်ရေးအရ Pressure မပေးနိုင်ဘူး ဆိုရင် အီလည်လည် လုပ်နေတော့မှာလေ။ ဟိုလိုလိုဒီလိုလို မတက်ချင်တာနဲ့ ဟိုအကြောင်းပြ ဒီအကြောင်းပြ ဖြစ်နေမှာ။ အဲဒီတော့ အဓိက,က နိုင်ငံတော်ဘက်ကနေပြီးတော့ စစ်ရေးအရ အောင်မြင်မှု ကြီးကြီးမားမား ရယူ နိုင်ဖို့ လိုတာပေါ့နော်။ AA က အခုအချိန်မှာ ပင်လယ်ကမ်းခြေကို ရောက်သွားပြီဗျ။ စင်္ကာပူတို့ ဘာတို့ အပါအဝင် ပေါ့နော် တရုတ်ကို ဗမာပြည်ကဖြတ်လမ်းကြီးကို မဖြစ်စေချင်တဲ့ သူတွေပေါ့။ အနောက်အုပ်စုကလည်း ရှိနေတဲ့အခါ ကျတော့ ဒါက ကိုယ့်စကားကို အကုန်နားထောင်မယ်လို့ ပြောလို့ မရဘူးပေါ့နော်။ ထိုနည်းတူစွာပဲ ဘာသာရေး နောက်ခံ အကြောင်းတရားအရကော၊ သယံဇာတ အင်အားအရကော၊ KIA က မင်းမယူရင် အိန္ဒိယယူမယ်ဆိုတာ မျိုးဖြစ်မှာ။ အဲဒီတော့ အတိုင်းအတာ တစ်ရပ်အထိကတော့ သိပ်စကားက အရမ်းနားထောင်မှာတော့ မဟုတ်ဘူး။ စစ်ရေးအရ Pressure ပေးနိုင်မှဖြစ်မှာပေါ့နော်”ဟု ပြောသည်။

တရုတ်၊ မြန်မာ့တပ်မတော်၊ MNDAA ကိုယ်စားလှယ်များကို တွေ့ရစဉ်
လက်ရှိတွင် KIA သည် နွေဦးတော်လှန်ရေး အင်အားစုများကို လက်နက်ခဲယမ်း အပါအဝင် စစ်သင်တန်းများ၊ နေထိုင်နိုင်ရေးတို့ကို ထောက်ပံ့ကူညီပေးနေသလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း စစ်ဆင် ရေးများတွင်လည်း ပူးပေါင်းတိုက်ခိုက်နိုင်ရေး ထောက်ပံ့ပေးလျက်ရှိသည်။
ထို့အပြင် တရုတ်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် ဖိအားပေးမှုများ ရှိနေသလို ၎င်းအနေဖြင့် လည်း KIA ၏ဖိအား ပြန်ပေးခံရခြင်းမျိုးရှိကြောင်း ဒေါက်တာအောင်မျိုးက ဆက်ပြောသည်။
၎င်းက “တရုတ်က ဖိအားရှိနေတယ်။ ဒါပေမယ့် တရုတ်က သူလည်း Pressure ပြန်ပေးခံရတာရှိတယ်။ အဲဒါ ဘာလဲဆိုတော့ KIA ပဲလေ။ KIA မှာက သူလိုချင်တဲ့ သယံဇာတရှိတယ်ဗျ။ ပြီးတော့ အစဉ်အဆက်ကလည်း ဘယ်တော့မှလည်း သူက အပြတ်အသတ် နာခံမှာလည်း မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ KIA က အမေရိကန် Baptist ခရစ်ယာန် အယူဝါဒ နောက်ခံထားတဲ့ အဖွဲ့အစည်းဖြစ်နေတော့ ဘာသာမဲ့ဆိုတဲ့ ကွန်မြူနစ်တွေနဲ့ KIA နဲ့က ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေတယ်။ အကျိုးစီးပွားချင်း သူတို့က ဆက်စပ်နေလို့ ပေါင်းနေရတာပေါ့ နော်။ အဲဒီအခါကျတော့ AA, TNLA, KIA ပေါ့နော် အထဲထဲမှာ AA လည်း ထိုနည်း၎င်းပဲ သိပ်ပြောလို့ မရဘူး။ ဟိုဘက်က သီးခြားလွတ်နေတော့ပေါ့နော်။ အဲဒါနဲ့ပတ်သက်လို့ သူ့ဩဇာက ဘယ်လောက် အတိုင်းအတာထိ ရှိမလဲဆိုတာ အကန့်အသတ်တော့ ရှိလိမ့်မယ်။ သူက သေဆိုသေ ရှင်ဆိုရှင် အဲဒီလိုကြီးတော့ လုပ်မှာမဟုတ်ဘူး။ MNDAA ပဲ သူအားကိုးရမှာပေါ့နော်” ဟု ပြောသည်။
KIA သည် အနောက်နိုင်ငံနှင့် တရုတ်နိုင်ငံကြားတွင် ကစားနေသည့် ပုံစံမျိုးဖြစ်ကြောင်း၊ အနောက် အင်အားစုများ ဝင်လာပြီ ဆိုပါက တရုတ် ထိန်းနိုင်တော့မည် မဟုတ်ကြောင်း၊ KIA အနေဖြင့် တရုတ်ပြောသမျှ နာခံမည့်သဘော မျိုး မရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
တရုတ်၏ ဖိအားပေးမှုကြောင့် ရှမ်းမြောက်သုံးဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လမ်းကြောင်းပေါ်သို့ ရောက် လာမည်ဟု ယုံကြည်ရကြောင်း၊ သို့သော် AA အနေဖြင့် ငြိမ်းချမ်းရေး စားပွဲပေါ် ပါလာရန်အတွက်မှာ အင်မတန် ခက်ခဲလိမ့်မည်ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စားပွဲပေါ်သို့ ရောက်လာမယ်လို့ ကျနော်တို့ ယုံကြည်ရတယ်။ တရုတ်ကလည်း ယူနန်ပြည်နယ် supply အတွက် ကျနော်တို့ မြန်မာပြည်ဘက်က ပွင့်မှကို ဖြစ်တော့မှာလေ။ မြန်မာပြည် ကုန်သွယ်ရေး ပွင့်ဖို့အတွက် အရေးတကြီး လိုအပ်နေတဲ့ အခြေအနေရှိတဲ့ အတွက် ကြောင့် မြန်မာ-တရုတ် ကုန်သွယ်ရေး လမ်းကြောင်းကို အတားအဆီးဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေး စားပွဲပေါ် ရောက်လာအောင်တော့ တရုတ်ကလည်း ဖိအားပေးနေရတာ အမှန်ပဲ ဖြစ်နေတယ်။ ဖိအား ပေးမှုကလည်း ထိရောက်မှုရှိတဲ့ အတွက်ကြောင့် ငြိမ်းချမ်းရေးစားပွဲပေါ် ရောက်လာလိမ့်မယ်လို့ ကျနော်တို့က ယုံကြည်တယ်။ AA က ကျနော်တို့က မြောက်ပိုင်း သုံးဖွဲ့ထဲတောင် ထည့်ပြောစရာတောင် သိပ်မလိုတော့ဘူးဗျ။ သူက ရခိုင်ပြည်နယ် သူ့မူရင်းဇာတိ Base ကို ရောက်သွားပြီလေ။ အဲဒီတော့ အဓိက,ကတော့ KIA ရဲ့ အဓိက မွေးစားသားပဲလေ။ KIA က Supply လမ်းကြောရှိနေရင် AA ဟာ တရုတ်ကို အားကိုးမယ့်အဖွဲ့ မဟုတ်ဘူး။ အဲဒီလို မျိုး ယူဆရတယ်။ နောက်ပြီးတော့ AA ကိုယ်တိုင်၌က ဘင်္ဂလားနယ်စပ်တစ်လျှောက်မှာ ဆက်သွယ်ရေး လမ်းကြောင်းပွင့်အောင် လုပ်ပြီးတော့ သူတို့ အနောက်ဘက်ကို ခြေလှမ်းလှမ်းနေတာ။ သူတို့က တရုတ်ဘက်ကို လှမ်းမယ့်သူတွေ မဟုတ်ဘူး။ ဒီလိုနည်းအားဖြင့် AA ကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှု စားပွဲပေါ် ပါလာဖို့ တော် တော် ခက်လိမ့်မယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ၂ နှစ်ကျော်ကြာ AA နှင့် တပ်မတော်အကြား မြို့သိမ်း တိုက်ပွဲများ ပြင်းထန်နေပြီး AA က ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၄ မြို့နယ်ကို ထိန်းချုပ်ထားကာ တပ်မတော်က စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူကို ထိန်းချုပ်ထားသည်။
ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် ပဋိပက္ခ၏ အခြေခံ အကြောင်းတရားများဖြစ်သည့် နိုင်ငံရေး ခံယူချက်များ၊ သမိုင်းနောက်ခံ အဖြစ်အပျက်များ၊ ဝါဒရေးရာ အငြင်းပွားမှုများ ထည့်မစဥ်းစားသရွေ့ ငြိမ်းချမ်းရေးဖြစ်စဥ် အလုပ် မဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(MNDAA-AA-TNLA)တို့နှင့် မြန်မာ့တပ်မတော်ကြား တစ်ဖွဲ့ချင်းဖြင့် သီးခြား ဆွေးနွေးမှုများရှိသည်။
