CNI News
၂၀၂၆ ခုနှစ်၊ မေလ ၆
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အနေဖြင့် ရက် ၁၀၀ အတွင်း ငြိမ်းချမ်း ရေး၊ တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်မှုအား လက်ခံရန် မရှိသေးကြောင်း ABSDF ၏ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် NCA လက်မှတ်ထိုးထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပါဝင်လုပ်ဆောင်နေကြသည့် ၇ ဖွဲ့အပြင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) တို့ကိုလည်း အသွင်ကူးပြောင်းရေး အစိုးရက ဖိတ်ခေါ်ထားကြောင်း သိရသည်။
သို့သော် ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ အဖွဲ့ထံသို့ တရားဝင် ပြောလာခြင်းမျိုး မရှိသေးကြောင်း၊ ထိုသို့ ဖိတ်ခေါ်မှုမျိုးလောက်နှင့် အဆင်မပြေကြောင်း ABSDF မှ အထွေထွေအတွင်းရေးမှူး ရဲဘော် ဆန်နီက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့တော့ ဘာမှမကြားပါဘူး။ မရပါဘူး။ အခုလက်ရှိ ပြောတော့ပြောနေတဲ့ အသံတွေတော့ ကြား တယ်။ ဒါပေမယ့် တရားဝင်တော့ ဘာမှမပြောသေးပါဘူး။ ပြောလာရင်လည်း အခု လောလောဆယ်မှာတော့ ဘာမှလက်ခံဖို့ မရှိသေးပါဘူး။ ဒီလိုအခြေအနေ၊ ဒီနေ့ တိုင်းပြည် အခြေအနေအရ။ အများကြီး ပြောစရာရှိပါတယ်။ လောလောဆယ်တော့ မရှိသေးပါဘူးလို့ပဲ ဖြေပါရစေ။ အခင်းအကျင်းက ဘယ်လို အခင်းအကျင်း ဖြစ်ရမလဲဆို တော့ ကျနော်တို့အားလုံး လက်ခံနိုင်တဲ့ အခင်းအကျင်းဖြစ်မှပဲ အဆင်ပြေမှာပါ။ လောလောဆယ်တော့ အဲဒီ အခင်းအကျင်း ဖြစ်ဖို့လည်း မရှိသေးတော့ ကျနော်လည်း ဘာမှ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆက်ပြောဖို့ မရှိသေး ပါဘူး။ လုပ်ဖို့လည်း မရှိပါဘူး။ အဆင်မပြေသေးပါဘူး အဲဒါကလေ။ ဒီလို ဖိတ်ခေါ်မှုမျိုးလောက်နဲ့ကတော့ အဆင် မပြေပါဘူး။ နောက်တစ်ခုက နေပြည်တော်က ဖိတ်ခေါ်မှ ဖြစ်မယ့်ကိစ္စရပ် မဟုတ်ပါဘူး။ ဒါတစ်တိုင်းပြည်လုံး အရေးကို ဖြေရှင်းရမယ့်ကိစ္စ။ နေပြည်တော်က ဖိတ်ခေါ်မှ လုပ်ရမယ့်ကိစ္စ မဟုတ်ပါဘူး။ ကျနော်တို့ဘာသာ ကျနော်တို့ နည်းလမ်းနဲ့ ကျနော်တို့ရဲ့ ဆောင်ရွက်ချက်တွေကို ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့” ဟု ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်သွားမည့် ကိစ္စများတွင် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်လည်း ပါဝင်ကာ လက်နက်ကိုင်များအား ဖိတ်ခေါ် ထားသည်။
ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီအထိ ရက်ပေါင်း ၁၀၀ အတွင်း NCA ထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ အားလုံးကို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
တွေ့ဆုံဆွေးနွေးခြင်း မပြုရသေးသည့် အဖွဲ့များလည်း တွေ့ဆုံ ဆွေးနွေးရန်အတွက် ဇူလိုင် ၃၁ ရက် နောက်ဆုံး ထားပြီးတော့ ဆွေးနွေးရန် မိမိအနေဖြင့် ဖိတ်ခေါ်ကြောင်း၊ မိမိတို့လည်း ငြိမ်းချမ်းရေး လိုချင်ပါကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိလျှင် ဖွံ့ဖြိုးရေးကိစ္စဆိုသည်မှာ ဘာမှလုပ်၍မရကြောင်း ထုတ်ဖော်ပြောကြားထားခြင်း ဖြစ်သည်။
ထို့ပြင် NCA လက်မှတ် ရေးထိုးထားပြီး ၅ နှစ်အတွင်း တွေ့ဆုံခြင်း မရှိသည့် အဖွဲ့များဖြစ်သော KNU၊ CNF၊ ABSDF အဖွဲ့များကိုလည်း ဖိတ်ခေါ်ကြောင်း ပြောဆိုထားသည်။
ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား စိတ်စေတနာ ရှိသည့် ဖိတ်ခေါ်မှုမျိုး ဖြစ်ရန်လိုအပ်ပြီး လက်တွေ့ အလုပ်လုပ်ပြရန်လည်းလိုကြောင်း ABSDF မှ အထွေထွေ အတွင်းရေးမှူး ရဲဘော်ဆန်နီက CNI သတင်းဌာနသို့ ပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြစဉ်
၎င်းက “ဒီလိုဖိတ်ခေါ်လို့ မရပါဘူး။ တကယ့် နိုင်ငံရေး စိတ်ဆန္ဒရှိဖို့ လိုတယ်။ လက်တွေ့ အလုပ်လုပ်ပြဖို့ လိုတယ်။ ပြည်သူလူထုအပေါ်မှာ စိတ်စေတနာ တကယ်ရှိတယ်။ တိုင်းပြည်အပေါ်မှာ စိတ်စေတနာရှိတယ်။ ငြိမ်းချမ်းရေး အတွက် တကယ့်နိုင်ငံရေး ဆန္ဒရှိတယ်။ စိတ်စေတနာရှိတဲ့ ဖိတ်ခေါ်မှုမျိုး ဖြစ်ဖို့လိုသလိုပဲ။ မြေပြင်မှာ တကယ့် လက်တွေ့ ဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်တွေကလည်း ဒီဖိတ်ခေါ်မှုကို အထောက်အကူဖြစ်ဖို့ လိုတယ်လေ။ အခုကတော့ ဒီလိုဖြစ်တည်နေတဲ့ အခြေအနေအောက်ထဲမှာ ဒီလိုဖိတ်ခေါ်မှုမျိုးကတော့ ဘယ်အဖွဲ့အစည်းမှ လက်ခံနိုင်တဲ့ အခြေအနေ မရှိပါဘူး။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ပြောရင်တော့ လောလောဆယ် အခြေအနေ အရ လက်ခံနိုင်တဲ့ အခြေအနေလည်း မရှိပါဘူး” ဟု ပြောသည်။
NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ KNU/KNLA-PC၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် လက်မှတ် ထိုးခဲ့ကြသည်။
ထို့နောက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့လည်း လက်မှတ်ထိုးခဲ့သည်။
လက်ရှိတွင် NCA ကနေ KNU,CNF,ABSDF က နုတ်ထွက်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသလို ALP,PNLO,LDU,NMSP တို့သည်လည်း နှစ်ဖွဲ့ကွဲသွားသည်။
KIA, SSPP, UWSA, KNPP, NDAA, AA, TNLA, MNDAA, SNA, NSCN အပါအဝင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ပေါ်ထွက်လာသော လက်နက်ကိုင် အဖွဲ့အသစ်များကို မည်သည့် ငြိမ်းချမ်းရေး လမ်းကြောင်းဖြင့် သွားမည်အား မေးခွန်းထုတ်မှုများ ရှိနေကြသည်။
