CNI News

၂၀၂၆ ခုနှစ်၊ မေလ ၈

လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းများအား ခြိမ်းခြောက် ဖိအားပေး မှုမျိုးဖြင့် တိုင်းပြည်အရွေ့ကို သွား၍မရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ၏ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နိုင်ငံရေးစိတ်ဆန္ဒ တကယ်ရှိတယ်ဆိုရင် ဒီ ရက် ၁၀၀ အတွင်းမှာ လာရင်လာ၊ လုပ်ရင်လုပ်၊ မလုပ်ရင်တော့ လုပ်စရာရှိတာ လုပ်ရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုး၊ ဖိအားပေးမှုမျိုး၊ စိန်ခေါ်မှုမျိုးနဲ့က တော့ ဒီနေ့ တိုင်းပြည်ကို ဒီလိုတော့ သွားလို့မရတော့ပါဘူး။ အဲဒါကို သေချာ နားလည်ကြဖို့လိုတယ်။ အဲဒါကြောင့်လည်း ပြောနေတာက ဘာလုပ်ရမလဲဆိုတာ သိပြီးနဲ့ကို တမင် စိန်ခေါ်သလိုလို၊ ရင့်သီး သလိုလိုမျိုး လုပ်လို့မရပါဘူး။ ပြောချင်တာက ဒီကနေ့ရှိနေတဲ့ စစ်အုပ်စုကလည်း အင်အားစုတစ်ရပ် အနေနဲ့ပါ။ သူက ကိုယ့်ကိုယ်ကို ဗဟိုပြုပြီးလုပ်လို့ရတဲ့ အခင်းအကျင်းလည်း၊ အနေအထားလည်း မဟုတ် တော့ပါဘူး။ ဒီနေ့ တိုင်းပြည် တစ်ပြည်တစ်ခုလုံး ပြန်လည်တည်ဆောက်ဖို့က အင်အားစု အားလုံး ပါဝင် နိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့ လိုပါတယ်။ အဲဒီမှာ စစ်အုပ်စုကလည်း အင်အားစုတစ်ခု အနေနဲ့ပါ။ မိမိကိုမိမိ ဗဟိုပြုပြီး စဉ်းစားမယ်ဆိုရင်တော့ တိုင်းပြည် တည်ဆောက်ရေး အတွက်က အလားအလာ မကောင်းဘူး လို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက် သွားမည့် ကိစ္စများတွင် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်လည်း ပါဝင်ကာ လက်နက် ကိုင်များအား ဖိတ်ခေါ် ထားသည်။

သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီအထိ ရက်ပေါင်း ၁၀၀ အတွင်း NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ အားလုံးကို ငြိမ်းချမ်း ရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

NCA လက်မှတ် ရေးထိုးထားပြီး ၅ နှစ်အတွင်း တွေ့ဆုံခြင်း မရှိသည့် အဖွဲ့များဖြစ်သော KNU၊ CNF၊ ABSDF အဖွဲ့များကိုလည်း ဖိတ်ခေါ်ကြောင်း ပြောဆိုထားသည်။

အစိုးရအနေဖြင့် ထိုသို့ ရက် ၁၀၀ ဟု ကန့်သတ်ထားခြင်းသည် ထိုကာလ အတောအတွင်း ထူးခြားသည့် အောင်မြင်မှု ရချင်သည့် အတွက်ကြောင့် ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။                                                                                                                             

၎င်းက “အစိုးရအနေနဲ့ ရက်ကန့်သတ် ထားတယ်ဆိုတာက သူက ရက် ၁၀၀ အတွင်းမှာ နည်းနည်း ထူးထူး ခြားခြား အောင်မြင်မှု ရချင်လို့ ဖြစ်မှာပေါ့။ ဒါပေမယ့်လို့ အခြေခံ သဘောကတော့ သူက NCA စာချုပ်ကို ဆက်လက်ပြီး အသိအမှတ် ပြုထားတယ်။ အဲဒီ NCA စာချုပ်ကလည်း တကယ့် သေသေချာ ချာ ဖတ်ပြီးတော့ နားလည်ထားလို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် အပစ် ရပ်စဲပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုးတက်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေပေါ့။ စစ်မြေပြင်ပေါ် မှာ လက်နက်ခဲယမ်း မီးတောက်တွေနဲ့ တိုက်နေရတဲ့ တိုက်ပွဲကို စားပွဲဝိုင်းပေါ်မှာ ပါးစပ်နဲ့ တိုက်ပွဲဆင်နေ ရတဲ့ စစ်ပွဲအဖြစ် ပြောင်းချင်တယ်ဆိုရင် ဒါက လက်မှတ် ထိုးလိုက်တာ ကောင်းတယ်။ ကျနော်ကတော့ အဲဒီလိုမြင်တယ်” ဟု ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနား တက်ရောက်သူများကို တွေ့ရစဉ်

လွန်ခဲ့သည့် ၅ နှစ်တာ ကာလအတွင်း ယုံကြည်မှု အပါအဝင် ဘက်ပေါင်းစုံမှ ပျက်စီးသွားသည့် အရာများ အား ရက် ၁၀၀ တည်းဖြင့် လုပ်ဆောင်၍ မရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ၏ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “ရက် ၁၀၀ နဲ့ တိုင်းပြည် တည်ဆောက်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ဖျက်ဆီးခဲ့တာ နှစ်ပေါင်းများစွာ ပေါ့။ ဘာပဲပြောပြော အခြေအနေကောင်းတစ်ရပ် အရပ်သားအစိုးရ ဦးဆောင်နေတဲ့ ပြည်တွင်း ငြိမ်း ချမ်းရေး ကိစ္စပဲပြောပြော၊ တိုင်းပြည် တည်ဆောက်ရေး ကိစ္စပဲပြောပြော အရပ်သား အုပ်ချုပ်မှုအောက် ကို ပြုပြင်ပြောင်းလဲရေးကို သွားနေတဲ့ကိစ္စရပ်ကနေ ၅ နှစ်တာလောက် အာဏာသိမ်းပြီးတော့ ဖျက်ဆီး ပစ်လိုက်တာက ရက် ၁၀၀ နဲ့ ဘယ်ရမလဲ။ ရက် ၁၀၀ တည်းမှာ ဒီလိုလုပ်လို့ရစတမ်းမှ မဟုတ် တာ။ တစ်တိုင်းပြည်လုံးက အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲတယ်။ ယုံကြည်မှုတွေ ပျက်စီးသွား တယ်။ လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ အများကြီး ပျက်စီးသွားတဲ့ အပေါ်မှာတော့ ရက် ၁၀၀ နဲ့ ဘာမှလုပ်လို့ မရပါဘူး။ အဲဒါကိုလည်း‌ ပြောချင်တာပါ” ဟု ပြောသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီး အကြား ခိုင်မာသည့် ယုံကြည်မှု မရှိခြင်းက အဓိက ပြဿနာဖြစ်နေကြောင်း၊ တိုင်းရင်းသားများ လိုလား သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှမှုရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် အရေးပါနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။