CNI News
၂၀၂၆ ခုနှစ်၊ မေလ ၈
အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တွေ့ဆုံဆွေးနွေးသည့် အခင်းအကျင်းများ ပေါ်ပေါက်လာမည်ဆိုလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် မည်ကဲ့သို့ ပြန်စရမလဲဆိုသည်ကို ဦးစားပေး ဆွေးနွေး သင့်သည်ဟု 7 EAO Alliance မှ ညှိနှိုင်းရေးမှူး ရဲဘော်မျိုးဝင်းက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေး အခင်းအကျင်း၌ ပိုမိုကြီးမား ကျယ်ပြန့်လာကာ လက်နက်ကိုင် အဖွဲ့အစည်းများလည်း လွန်စွာပေါများလာခဲ့သည်။
ထို့နောက် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခကြားထဲတွင် ပြည်သူလူထု အနေဖြင့် အိုးအိမ်စည်းစိမ်များကို စွန့်ခွာကာ အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင် နေကြရသလို အသက်အန္တရာယ် ခြိမ်းခြောက်မှုများလည်း ရင်ဆိုင်နေ ကြရသည်။
လက်ရှိ အနေအထားအရ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးသည့် အခါတွင် မည်သည့် အကြောင်းအရာများကို ဆွေးနွေး ကြမည်ဆိုသည်ထက် ပါဝင်သင့် ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးလမ်းစဥ်ပေါ် ရောက်လာ နိုင်ရန် ဦးစားပေး ဆွေးနွေးရမည်ဟု 7 EAO Alliance မှ ညှိနှိုင်းရေးမှူး ရဲဘော်မျိုးဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီနှစ်ကာလမှာ ဆွေးနွေးရမယ့် အကြောင်းအရာထက်ကို ပြီးခဲ့တဲ့ ငါးနှစ်တာကာလ ပဋိပက္ခကြားထဲကနေ ပြီးတေ့ာ လက်ရှိ လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ အစိုးရ၊ လွှတ်တော် ပေါ်ပေါက်လာတယ်။ အဲဒီ အခြေခံအောက်မှာ ရပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်စမယ်ဆိုတဲ့ဟာကို Process ဘယ်လို စမလဲဆိုတဲ့ဟာ ကို အရင်ဆွေးနွေးရအုံးမှာ။ အဲဒီ Process ထဲမှာ ဒီလက်နက်ကိုင် ပဋိပက္ခမှာပါနေတဲ့ အဖွဲ့အစည်းတွေ ပါလာ အောင် ဘယ်လိုလုပ်မလဲ။ Process စနိုင်ဖို့လိုတာပေါ့ အဲဒါကို အရင်စရအုံးမှာ။ ဘာအကြောင်းအရာ ဆွေးနွေးမလဲ ဆိုတာ အဝေးကြီး လိုသေးတယ်။ အခုဖြစ်နေတဲ့ လက်နက်ကိုင်ပဋိက္ခ အရှိန်လျှော့ချနိုင်ဖို့အတွက် Process ပြန် စနိုင်ဖို့။ Process ထဲမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းပါလာဖို့က အရင်ဦးစားပေးဖို့ ဖြစ်တယ်။ အဲဒါကို အစ ပြုရမှာလေ။ အဲဒါကို အလွတ်သဘောများများ ထားပြီးတော့မှ ပြောကြရမယ်၊ ညှိနှိုင်းကြရမယ် ဒီ Process ပြန် စနိုင်ရေး အတွက်ပေါ့။ အဲဒါကြောင့် ခုနကပြောတာလေ Process ပြန်စနိုင်ဖို့ ရပ်နေတဲ့ Process ဘယ်လို ပြန် စမလဲ၊ ဘယ်လို နည်းလမ်းနဲ့ အကောင်အထည် ဖော်မလဲဆိုတာကို နှစ်ဖက်လူကြားမှာ စတင် စကားပြောရ လိမ့်မယ်။ အခု NCA အခြေခံမယ် NCA မရှိတော့ဘူး ပုံသဏ္ဍာန်မျိုးစုံနဲ့ ပြောနေကြတယ်။ ဒါမှန်တယ် ဒါပေမယ့် အဲဒီအခြေခံအောက်မှာ ဘယ်လိုနည်းလမ်းနဲ့ ကိုက်ညီမလဲဆိုတာ၊ ဘယ်လိုနည်းလမ်းနဲ့ အကောင်းဆုံး ဖြစ်နိုင်မလဲ ဆိုတာ ရွေးချယ်ကြရမှာဖြစ်တယ်။ ဒါကို အရင် စလုပ်ရမှာဖြစ်ပါတယ်”ဟု ပြောသည်။

NCA ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့များ အစည်းအဝေး ကျင်းပနေစဉ်
လက်ရှိ ပုံမှန်မဟုတ်သည့် နိုင်ငံရေး အခင်းအကျင်းအောက်တွင် အတွေးအခေါ်နှင့် ယူဆချက် အသစ်များ ဖြစ်လာနိုင်သော်လည်း ပြည်ထောင်စုအကျိုးကို ရှေးရှုကာ ထိတွေ့ဆက်ဆံနိုင်မည်ဆိုပါက ညှိနှိုင်းအဖြေရှာ၍ ရမည်ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
သမ္မတ ဦးမင်းအောင်လှိုင် အစိုးရ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် 7 EAO Alliance သည် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များကို ပြန်လည်သုံးသပ်ကြောင်း၊ မိမိတို့ ၇ ဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် တွေ့ဆုံဆွေးနွေးသည့် ယဥ်ကျေးမှု ပြန်လည်ပေါ် ထွန်းလာနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားကြောင်း 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာန သို့ ပြောသည်။

ဗိုလ်မှူးကြီးစောကျော်ညွန့်နဲ့ နိုင်အောင်မငေးကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ကတော့ ပြင်ဆင်မှု တစ်ခုတော့ရှိတာပေါ့။ ကျနော်တို့ ၂၀၂၁ နောက်ပိုင်းကနေ စပြီးတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲလို့ပဲ ပြောမလား၊ အဲဒါတွေ ကျနော်တို့ မလုပ်ဖြစ်တာ တော်တော်ကြာပြီလေ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတို့ ဘာတို့လည်း မလုပ်ဖြစ်တာ တော်တော်ကြာပြီ။ သို့သော် ကျနော်တို့ (7 EAO Alliance) ထဲမှာကတော့ ပုံမှန် တွေ့ဆုံဆွေးနွေးမှုတွေရှိတယ်။ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခင်းအကျင်းအပေါ်မှာ အခြေခံပြီး တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဘယ်လို စတင်ပြီးတော့ အကောင်အထည် ဖော်ဆောင်နိုင်မလဲဆိုတဲ့ စဉ်းစားချက်တွေကတော့ ကျနော်တို့ ၇ ဖွဲ့ကြားထဲမှာ အမြဲတမ်း တိုင်ပင်ညှိနှိုင်းမှုတွေရှိတယ်။ နိုင်ငံရေးပါတီတို့ လည်း အလျဉ်းသင့်သလို ဆွေးနွေးမှုတွေရှိတယ် ဒါက ကျနော်တို့ဘက်ကပါ။ ပြီးခဲ့တဲ့ မနေ့က ဦးဆောင်အဖွဲ့ အစည်းအဝေးမှာဆိုရင်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် နှစ်နှစ်၊ သုံးနှစ်လောက် အချိန်ယူပြီးတော့ ပြင်ဆင် ဆောင်ရွက်ထားတဲ့ အချက်အလက်တွေရှိပါတယ်။ အဲဒါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်ခြင်းနဲ့ ရှေ့လုပ်ငန်းစဉ်ဆိုတဲ့ တစ်ခုရှိသလို၊ 7 EAO ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ မဟာဗျူဟာကိုလည်း ပြုစုထားတာ၊ စဉ်းစားထားတာရှိတယ်။ နောက်တစ်ချက်က လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရပေါ့လေ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ လုပ်ဆောင်တဲ့ အခါကျလို့ရှိရင် 7 EAO ဘက်က တွေ့ဆုံဆွေးနွေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း အဲဒါတွေကိုလည်း ကျနော်တို့ ၇ ဖွဲ့ ကြားထဲမှာ ညှိနှိုင်းသဘောတူထားတဲ့ အချက်တွေရှိသလို ကျနော်တို့ လက်ရှိ အာရုံစိုက်နေတာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေ့ဆုံဆွေးနွေးတဲ့ ယဉ်ကျေးမှု အဲဒါတွေ ပြန်လည် ပေါ်ထွန်းလာ နိုင်ဖို့ အတွက်ပဲ ကျနော်တို့က ၇ ဖွဲ့ကြားထဲမှာတော့ ပြင်ဆင်ဆောင်ရွက်ထားတဲ့ အချက်အလက် တွေရှိပါတယ်" ဟု ပြောသည်။
လက်ရှိတွင် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက် ပေးသွားမည့် ကိစ္စရပ်များအနက် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကဏ္ဍလည်း ပါရှိသည်။
ထို့အပြင် မကြာသေးခင်က NSPNC သည် NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်မှတ် ထိုးချိန်က ပါဝင်ခဲ့သူများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်စာများ ပေးပို့ထားပြီဟု 7 EAO Alliance မှ ပြောကြား ချက်အရ သိရသည်။
