CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၈
မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်၍ နယ်မြေထိန်းချုပ်နေသည့် ကိုးကန့်တပ်ဖွဲ့(MNDAA)ကို “ဝ”တပ်ဖွဲ့(UWSA)လို အစိုးရအနေဖြင့် အခွင့်အရေးပေး၍ မရကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ကိုးကန့်ကို “ဝ” ကဲ့သို့ ဖြစ်လာမည်ကို နိုင်ငံတော် အစိုးရအနေဖြင့် အဖြစ်ခံမည် မဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကိုင်တွယ်နိုင်ကြောင်း၊ “ဝ” ကိုလည်း နောက်ပိုင်းတွင် ယင်းအတိုင်း ဆောင်ရွက်သွားနိုင်သည်ဟု ၎င်းက ပြောသည်။
စိုင်းဋ္ဌေးအောင်က “ ၂၀၀၈ အခြေခံဥပဒေအရပဲ အစိုးရ ကိုင်တွယ်လိမ့်မယ်။ “ဝ”ကိုလည်း တစ်ချိန်ကျရင် ၂၀၀၈ အခြေခံဥပဒေအရ ပြင်ဆင်လိမ့်မယ်။ မပြင်ဆင်နိုင်ဘူးဆိုရင်တော့ ၂၀၀၈ အခြေခံဥပဒေအတိုင်းပဲ သူလုပ်နိုင် အောင်တော့ ကြိုးစားရမှာဗျ။ ဘာကြောင့်လဲဆိုတဲ့ အခါကျတော့ အခု မြန်မာနိုင်ငံက တရုတ်နဲ့ သံခင်းတမန်ခင်း ကလည်း ကောင်းကောင်းမွန်မွန် ရှိနေပြီ။ သံခင်းတမန်ခင်းရော၊ နိုင်ငံရေးအရရော၊ ဖွဲ့စည်းပုံအရရော စဉ်းစားရမှာ ဖြစ်တယ်ဗျ။ အဲဒီအတွက်ကြောင့်မို့ အခုသွားနေတဲ့ အခြေအနေအရတော့ အစိုးရကတော့ “ဝ”လိုမျိုး သူလက်ခံလို့ ရအုံးမှာ မဟုတ်ဘူး။ ၂၀၀၈ အခြေခံဥပဒေအရ “ဝ”ကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ အာဏာစက်က “ဝ”ဒေသကို မသက်ရောက်ဘူး။ အဲဒီလိုမျိုး နောက်တစ်ခု ပေါ်လာမှာကိုတော့ အစိုးရက အဖြစ်ခံမှာ မဟုတ်ဘူးဗျ” ဟု ပြောသည်။

UWSA- MNDAA ခေါင်းဆောင်များကို တွေ့ရစဉ်
လက်ရှိတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆၊ အပိုဒ်ခွဲ(စ) အရ ရှမ်းပြည်နယ်အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် ၆ ခုကို စုစည်းပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုင်းအဖြစ် သတ်မှတ်ထားသည်။
အလားတူ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆၊ အပိုဒ်ခွဲ(င) အရ ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်၊ လောက်ကိုင်မြို့နယ်တို့ကို စုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားသည်။
သို့သော် “ဝ” ဒေသသည် မြန်မာနိုင်ငံ ဗဟိုအစိုးရ၏ တိုက်ရိုက်အုပ်ချုပ်မှုကို ဘယ်တုန်းကမှ မခံခဲ့ရသလို အင်္ဂလိပ်ကိုလိုနီခေတ် ကာလကပင် အုပ်ချုပ်ရေးအာဏာ မသက်ရောက်ခဲ့သည့် ဒေသဖြစ်သည်။
ကိုးကန့်သည် “ဝ” ဒေသကဲ့သို့ သွားချင်သော်လည်း “ဝ” နှင့် နှိုင်းယှဉ်ပါက “ဝ” သည် ကိုလိုနီ လက်ထက် ကတည်းက အာဏာစက် မသက်ရောက်ခဲ့သည့်အပြင် တရုတ်အစိုးရနှင့် မြန်မာအစိုးရသည်လည်း ဝင်ရောက် စွတ်ဖက်ခြင်း မရှိခဲ့ကြောင်း၊ သို့သော် ကိုးကန့်သည် ယခင်က သိန္နီစော်ဘွားများ၏ လက်အောက်ခံ အဆင့်သာ ရှိသည့်အတွက် “ဝ” ကဲ့သို့ ပေး၍မရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

MNDAA က လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်စဉ်
၎င်းက “သူက “ဝ”လိုပုံစံမျိုး သွားချင်နေတယ်။ ကျနော်တို့က “ဝ”က အစကတည်းက တရုတ်အစိုးရလည်း မနိုင်ဘူး။ မနိုင်ဘူးဆိုတာက ဝင်မစွက်ဘူး။ ဗမာကလည်း တောင်ပေါ်မှာ ခေါင်လွန်းအားကြီးလို့ဆိုပြီး မသွားဘူး။ နောက်တစ်ခုက ဗြိတိသျှ အစိုးရကိုယ်တိုင်ကိုက “ဝ”နယ်ကို ၁၈၈၆ တစ်နိုင်ငံလုံး သိမ်းပြီးတဲ့ အချိန်တောင်မှ “ဝ”နယ်ကို အနှစ် ၅၀ လုံးလုံး လွှတ်ထားတယ်။ အဲဒီလို အနေအထားမျိုး ရှိတယ်။ အခုချိန်မှာ သူက သီးသန့်နေတဲ့ သဘောကို ကျနော်တို့က အချို့အပိုင်းလေးတွေမှာ ကျနော်တို့က ဒီဟာကို မသိချင်ယောင်ဆောင်ရမယ့် သဘော တော့ ရှိတယ်။ ဒါပေမယ့် ဟိုဘက်ကျတော့ ကိုးကန့်ကျတော့ ဒီလိုလုပ်လို့မရဘူး။ ကိုးကန့်ကျတော့ သိန္နီစော်ဘွား အရင် လက်အောက်ခံလေ။ သူက စော်ဘွားအဆင့်တောင် မရှိဘူး။ နယ်စားအဆင့်လောက်ပဲ ရှိတဲ့အခါကျတော့ ဒီလူတွေအနေနဲ့က “ဝ”လိုမျိုး နေလို့မဖြစ်ဘူး။ အတိုင်းအတာ တစ်ရပ်အထိ သူက သူ့ဒေသအတွင်းမှာ သူ စီမံအုပ် ချုပ်ခွင့်ရှိတာတော့ လက်ခံတယ်။ သို့သော် ဆိုပါတော့ နိုင်ငံတော် တရားလွှတ်တော်ချုပ်တို့၊ သမ္မတတို့ရဲ့ သဘော တူညီချက် မပါဘဲနဲ့ လူတွေကို သေဒဏ်ပေးတာတို့ ဒါတွေကိုတော့ ကျနော်တို့ လက်မခံဘူး” ဟု ပြောသည်။
လက်ရှိတွင်လည်း ကိုးကန့်သည် “ဝ” ကဲ့သို့ ၎င်းသိမ်းပိုက် ထိန်းချုပ်ထားသည့် နယ်မြေဒေသတွင် တရုတ် စကားကိုသာ ပြောစေပြီး၊ တရုတ်ယွမ်ငွေကြေး၊ တရုတ်စာတန်းပါသည့် ဆိုင်းဘုတ်များနှင့် ကိုးကန့် အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်များကို ထုတ်ပေးလျက်ရှိနေသည်။
ကိုးကန့်တပ်ဖွဲ့(MNDAA)သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးမှ စတင်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပြင် သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ ဖောင်ဆိုင်း၊ မုံးကိုး၊ ချင်းရွှေဟော်၊ သီပေါ၊ ကြူကုတ်-ပန်းဆိုင် စသည့် ဒေသများကိုပါ အုပ်ချုပ်ခွင့်ရရေး အစိုးရ-တပ်မတော်နှင့် ဆွေးနွေးလျက်ရှိ သည်။
တခြား တစ်ဖက်မှာလည်း ကိုးကန့်တပ်ဖွဲ့(MNDAA)သည် ၎င်း ထိန်းချုပ်ရာ ဒေသများတွင် တရုတ်နိုင်ငံသားများ မြေဝယ်ယူမှု များလာနေပြီး၊ စီးပွားရေး လုပ်ပိုင်ခွင့်နှင့် သတ္တုတူးဖော်ခွင့်များကို ကိုးကန့်တပ်ဖွဲ့က ဖော်ဆောင်ပေး ထားသည်ကို တွေ့ရသည်။
