CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၀
အိန္ဒိယနှင့် ပါကစ္စတန်ကြား ဖြစ်ပွားနေသော ပစ်ခတ်မှုများ ရပ်စဲရေးအတွက် နားလည်မှုတစ်ရပ် ရရှိခဲ့ပြီဖြစ်သည် ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီး မစ္စတာဂျိုင်ရှန်ကာက ၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
မစ္စတာဂျိုင်ရှန်ကာက “ အိန္ဒိယနိုင်ငံနှင့်ပါစ္စတန်နိုင်ငံတို့သည် ယနေ့ ပစ်ခတ်မှုနှင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်စဲရေးအတွက် နားလည်မှုတစ်ရပ် ရရှိခဲ့ပြီ ဖြစ်ပါသည်”ဟု ပြောသည်။
ပါကစ္စတန်နှင့် အပစ်ရပ်စဲရေး နားလည်မှု ရရှိခဲ့ခြင်းနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် Vikram Misri က ထုတ်ပြန် ကြေညာခဲ့သည်။
ပါကစ္စတန်စစ်တပ်သည် ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်ညပိုင်းမှ မေလ ၉ ရက်သို့ ကူးပြောင်း ဝင်ရောက်သည့် ညအချိန်တွင် အနောက်ဘက် နယ်စပ်ဒေသတစ်လျှောက် ဒရုန်းများနှင့် အခြားလက်နက်ခဲယမ်းများ အသုံးပြုပြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အိန္ဒိယက မေလ ၉ ရက်၌ ပြောကြားခဲ့သေးသည်။
အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသ၏ ပါဟယ်ဂမ် (Pahalgam) မြို့တွင် အကြမ်းဖက်သမားတစ်စုမှ ဧပြီလ က တိုက်ခိုက်ခဲ့၍ ခရီးသွား ၂၆ ဦးသေဆုံးခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် တရားမျှတမှု ရှိစေဖို့ ဆင်ဒူစစ်ဆင် ရေးကို အိန္ဒိယက မေလ ၇ ရက်တွင် စတင်ပြီး ပါကစ္စတန်ဘက်ခြမ်းရှိ အကြမ်းဖက်သမားများ တည်ရှိသော နေရာ ၉ နေရာကို တိုက်ခိုက်ခဲ့သည်။
ထို့နောက် ပါကစ္စတန်ဘက်ကလည်း လေကြောင်း တိုက်ခိုက်မှုပြုလုပ်၍ အိန္ဒိယ၏ တိုက်လေယာဉ် ၅ စင်းကို ပစ်ခတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
သို့သော် မေလ ၁၀ ရက်တွင် အိန္ဒိယနှင့် ပါကစ္စတန်ကြား အပစ်ရပ်စဲရေး နားလည်မှု ရရှိခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်၏ ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကလည်း ထပ်ဆင့် ထုတ်ပြန်ခဲ့ သည်။