CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂
မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၏ မူဘောင်များ အောက်မှပါဝင်ကာ ဒေသ လုံခြုံရေးနှင့် ခေတ်မီနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားလိုသည်ဟု နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့ရှိ Tianjin Meijiang Convention Center ၌ ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီး အစည်းအဝေး (Shanhai Cooperation Organisation-SCO Summit 2025 Plus)သို့ တက်ရောက်၍ ဆွေးနွေးစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
လုံခြုံရေးကဏ္ဍတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) အနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး၌ တက်ကြွ စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ မျက်မှောက်ခေတ်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အကြမ်းဖက်ဝါဒ၊ ခွဲ ထွက်ရေးဝါဒနှင့် အစွန်းရောက်ဝါဒတို့၏ ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရာမှာ ထိရောက်သည့် အောင်မြင်မှုများ ကို တွေ့မြင်ရကြောင်း ၎င်းက ပြောသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် SCO ထိပ်သီး အစည်းအဝေး တက်ရောက်လာစဉ်
ထို့နောက် ခေတ်မီနည်းပညာရပ်များ ဖြစ်သည့်ဥာဏ်ရည်တု(AI) နည်းပညာနှင့် Data အုပ်ချုပ်မှုဆိုင်ရာ ဒစ်ဂျစ် တယ် နည်းပညာပူးပေါင်း ဆောင်ရွက်မှုများကိုလည်း အလေးထား လုပ်ဆောင်လျက်ရှိသည့်အတွက် အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများ၏ အသီးအပွင့်များကို ခံစားရလျက်ရှိကာ အနာဂတ်တွင် ဖြစ်ပွား လာနိုင်သည့် ခေတ်မီ နည်းပညာသုံး တိုက်ခိုက်မှုများကို စုပေါင်းကာကွယ်နိုင်သော အလားအလာများကိုလည်း တွေ့မြင်ရကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
၎င်းက “ မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၏ မူဘောင်များ အောက်မှ ပါဝင်ကာ ဒေသလုံခြုံရေးနှင့် ခေတ်မီနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက် သွားလိုသည်”ဟု ပြောသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု ပဏာမ အဆိုပြုချက် (Global Governance Initiative-GGI) ၅ ချက်ကို ထောက်ခံပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၏ အဖွဲ့ဝင် နိုင်ငံဖြစ်လာစေရေး ထောက်ခံပေးနိုင်ရန် အလေးအနက်ထား မေတ္တာရပ်ခံပါကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် SCO ထိပ်သီး အစည်းအဝေး တက်ရောက်လာကြသည့် မလေး ရှားဝန်ကြီးချုပ်၊ မွန်ဂိုလီးယားနိုင်ငံသမ္မတ၊ နီပေါ ဝန်ကြီး ချုပ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ချုပ် အတွင်းရေးမှူးချုပ်၊ ပါကစ္စတန် ဝန်ကြီးချုပ် အပါအဝင် တခြားသော ခေါင်းဆောင်များ ဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။