CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈

အမေရိကန်နိုင်ငံ၏ ဘက်ပေါင်းစုံက ဖိအားပေးမှုကို တရုတ်သမ္မတ ရှီကျင့်ဖျင် အဆိုပြုသည့် မူ ၅ ချက်က ပြုပြင် ထိန်းကြောင်းပေးနိုင်မည်ဟု ယူဆကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၆ ရက်တွင် တရုတ်နိုင်ငံ၊ ချန်ဒူးမြို့မှာ သတင်းမီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းပွဲမှာ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ကမ္ဘာပေါ်မှာတော့ ရှိတဲ့ အင်အားကြီးနိုင်ငံတွေက နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ စစ်ရေး မျိုးစုံပဲ။ အနိုင်ကျင့်နေတာ တွေ့ရတယ်။ တရုတ်နိုင်ငံကိုဆိုရင်လည်းပဲ အမေရိကားက အခွန်နဲ့လှမ်းပြီးတော့ ဒုက္ခပေးနေ တာ ဖိအားပေးနေတာတွေ ရှိတယ်။ ဒီလိုပဲ ကျနော်တို့ကိုလည်း ကျနော်တို့ကို ဖိအားပေးနေတာ ရှိတယ်။ ဒါက ဘဏ္ဍာရေးအရတင် မဟုတ်ဘူး နိုင်ငံရေးအရလည်း ကျနော်တို့ကို ဖိအားပေးတာရှိတယ်။ စီးပွားရေးလည်း ဖိအား ပေးတာတွေအများကြီးရှိတယ်။ ဒီ ၅ ချက်က ကမ္ဘာရဲ့ ဖြစ်ပေါ်နေ တဲ့ အားနည်းချက်တွေကို ဖော်ထုတ်ပြီးတော့မှ ဒါကို ကျနော်တို့ ပြုပြင်ဖို့လိုတယ်ဆိုတဲ့ အကြောင်းဖော်ပြသွားတာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က နိုင်ငံအနေ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သင့်တယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။

ချန်ဒူးမြို့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မီဒီယာသမားများ တွေ့ဆုံစဉ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံ၊ ထျန်းကျင်းမြို့မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်ထိ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)ထိပ်သီး အစည်းအဝေးမှာ ကမ္ဘာလုံးဆိုင်ရာစီမံ ခန့်ခွဲမှု အစီအမံ(Global Governance Initiative-GGI)ကို အဆိုပြုခဲ့သည်။

ထို GGI အဆိုပြုချက်မှာ အချက် ၅ ချက် ပါဝင်သည်။ ထိုအဆိုပြုချက် ၅ ချက်မှာ (၁) အချုပ်အခြာ အာဏာ တန်းတူညီမျှမှုကို ကျင့်သုံးခြင်း၊ (၂) နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး လိုက်နာခြင်း၊ (၃) နိုင်ငံစုံ မူဝါဒကို အကောင်အထည်ဖော်ခြင်း၊ (၄) လူသားဗဟိုပြုမှုကို အဆိုပြုခြင်း၊ (၅) လုပ်ဆောင်မှု ဦးတည်ချက်ကို အလေးထား ခြင်း တို့ဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အဆိုပြုချက်ကို မြန်မာနိုင်ငံက ထောက်ခံကြောင်းနှင့် SCO အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့် ပြုရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း SCO အစည်းအဝေးမှာ ဆွေးနွေးသွားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အဆိုပြုချက်ကို တွေ့ရစဉ်

လက်ရှိ မြန်မာ-တရုတ် ဆက်ဆံရေးသည် အကောင်းဆုံး အခြေအနေတွင် တည်ရှိနေကြောင်း၊ နှစ်နိုင်ငံ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအားကောင်းလာရေးအတွက်လည်း ရင်းနှီးမြှုပ်နှံသူများ မနစ်နာစေရန် တာဝန်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၆ ရက်ထိ သွားရောက်ခဲ့ပြီး SCO ထိပ်သီး အစည်းအဝေးကို တက်‌ရောက် ဆွေးနွေးခဲ့သလို တရုတ်ပြည်သူများ၏ ဖက်ဆစ်ဂျပန်အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနားကိုလည်း တက်ရောက်ခဲ့သည်။

ထို့ပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ တရုတ်ဒုသမ္မတ ဟန်ကျိန့်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ရုရှားသမ္မတ ပူတင်၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်တို့ အပါအဝင် နိုင်ငံတကာမှ ခေါင်းဆောင်များဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့သလို တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များဖြင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။