CNI International News
ဘန်ကောက်၊ ဇွန်လ ၂၀
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် ကမ္ဘောဒီးယားနှင့် ထိုင်းကြား နယ်စပ်ဒေသ ပဋိပက္ခနှင့်ပတ်သက်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen)နှင့် ဖုန်းပြောခဲ့ သည့် အသံဖိုင်သည် ပေါက်ကြားလာခဲ့ပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ကာ နိုင်ငံရေးအကျပ်အတည်း ဖြင့် ကြုံတွေ့နေရသည်။
ထို့နောက် ပေတုန်တန်သည် လူထုကို ပြန်လည်တောင်းပန်ခဲ့ရသည်။
ထိုဖုန်းခေါ်ဆိုမှုအတွင်း ပေတုန်တန်က ဟွန်ဆန်ကို ဦးလေးဟုခေါ်ဆိုခဲ့ကာ ထိုင်းနိုင်ငံ၊ အရှေ့မြောက်ဘက်ရှိ ထိုင်းစစ်တပ်၏ တပ်မှူးတစ်ဦးကို ၎င်း၏ ပြိုင်ဘက်တစ်ဦးအဖြစ် ရည်ညွှန်းပြောဆိုခဲ့သဖြင့် လူမှုမီဒီယာများ ပေါ်တွင် ပေတုန်တန်ကို ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
ဇွန်လ ၁၈ ရက် မွန်းလွဲပိုင်းတွင်မူ ပေတုန်တန်၏ ဖြူးထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့ထဲမှာ ဒုတိယအင်အားအကြီးဆုံး ဘူဂျထိုင်းပါတီက နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
ဇွန်လ ၁၉ ရက်တွင်လည်း ဘန်ကောက်မြို့တော်တွင် ရှပ်ဝါများက အစိုးရအိမ်တော်ရှေ့၌ စုရုံးဆန္ဒပြခဲ့ကြပြီး ပေတုန်တန်သည် လူထုကို ပြန်လည်တောင်းပန်ခဲ့ရသည်။
ဆန္ဒပြသူများက ပေတုန်တန်ကို ဆွေးနွေးညှိနှိုင်းမှု အပိုင်းတွင် အားနည်းကြောင်းနှင့် ရာထူးမှ ထွက်ခွာရန် တောင်းဆိုခဲ့ကြသည်။
ဘူဂျထိုင်းပါတီ၏ လွှတ်တော်အမတ် ၆၉ ဦးကို ဆုံးရှုံးခဲ့ရသော်လည်း ပေတုန်တန်သည် လွှတ်တော်တွင် လူများစု နေရာအတွက် မဲအရေအတွက် လုံလောက်နေဆဲဖြစ်သည်။
သို့သော် ညွန့်ပေါင်းအစိုးရအဖွဲ့ထဲမှ နောက်ထပ် ပါတီတစ်ခုက နုတ်ထွက်သွားပါက ပေတုန်တန် အစိုးရအတွက် အဆုံးသတ် ဖြစ်လာနိုင်ပြီး ရွေးကောက်ပွဲ ကျင်းပခြင်း သိုမဟုတ် အခြားပါတီများနှင့် ညွန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းခြင်းတို့ ပြုလုပ်ရမည်ဖြစ်သည်။
Source: Nikkei Asia