CNI New

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀

CDM လုပ်ခြင်း၊ မလုပ်ခြင်းက ရာဇဝတ်မှု မဟုတ်သောကြောင့် ဥပ‌ဒေကို တရားမျှတစွာ ကျင့်သုံးရမည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO- NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

CDM လုပ်ခြင်း၊မလုပ်ခြင်းသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ ဝန်ထမ်းတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် Self-determination Right ဖြစ်ကြောင်း၊ CDM လုပ်ခြင်းက ရာဇဝတ်မှုမဟုတ်သလို CDM မလုပ်ခြင်းကလည်း ရာဇဝတ်မှုမဟုတ်ကြောင်း၊ ဥပဒေသည် တရားမျှတမှုရှိရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ‌CNI သတင်း ဌာနသို့‌ ပြောသည်။

CDM လုပ်ဖို့ အစိုးရဝန်ထမ်းတွေ ဆန္ဒပြနေကြစဉ်

၎င်းက “ဥပမာ တချို့ဝန်ထမ်းတွေက public service တွေလေ မူလတန်းကျောင်းဆရာမတို့၊ ဆေးဆရာမတို့ ဆရာဝန်တို့၊ လူနာကြည့်ပေးရတဲ့ လူတွေ ဒီလူတွေက public ကို service လုပ်နေတာ အုပ်ချုပ်တဲ့လူ အစိုးရက ဘယ်လိုပဲပြောင်းပြောင်း ဘယ်လိုပဲသွားသွား institutions တွေကခိုင်ရင် public service လုပ်နေတဲ့လူတွေက CDM လုပ်ဖို့မလိုဘူး။ လူထုအကျိုးဆောင်မယ့် အလုပ်ပဲလုပ်မှာပေါ့။ ဒါကြောင့် CDM လုပ်ခြင်း CDM မလုပ်ခြင်းက ရာဇဝတ်မှု မဟုတ်ဘူး။  ပြစ်မှုလည်းမဟုတ်ဘူး ဒီဥပဒေက ပြစ်မှုမြောက်မှ ရာဇဝတ်မှုဖြစ်မှာ အခုက ရာဇဝတ်မှု မဟုတ်ဘူး CDM လုပ်လိုက်တယ်။ အဲဒါလည်း သူ့ဆုံးဖြတ်ချက်နဲ့သူ ရာဇဝတ်မှု မဟုတ်ဘူးပေါ့။ CDM လုပ်တာကို အာဏာပိုင်တွေက သွားရန်ရှာတယ် ဘာညာ အဲဒါလည်းမှားတယ်။ ပြည်သူလူထု နစ်နာမယ် ကလေးသူငယ်တွေ နစ်နာမှာကြောက်လို့ CDM မလုပ်ဘဲနေတဲ့ လူထုဝန်ထမ်းတွေရှိတယ်။ ပြည်သူ့ဝန်ထမ်းတွေရှိတယ် အဲလူတွေက လည်း သူ့ဆုံးဖြတ်ချက် မှန်တာပဲ။ CDM မလုပ်တဲ့အတွက် ဒီလူတွေက ရာဇဝတ်မှု အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် လည်း အဲ့ ဆုံးဖြတ်ချက်က မှားတာပဲ။ ဒီတရားမျှတမှုမရှိတဲ့ ဥပဒေပြဋ္ဌာန်းချက်ပေါ့။ ဥပဒေဆိုတာ တရားမျှတမှု ရှိရမယ် မှန်ကန်ရမယ် လိုက်နာကျင့်သုံးဖို့ လိုအပ်မယ်။ အခု ဥပဒေတွေက ပြဋ္ဌာန်းတာက သူ့ဘက်ကိုယ့်ဘက်ပေါ့ ဘက်လိုက်ပြီးတော့ ကိုယ့်ဘက်မပါရင် ကိုယ်ဘက်မလာရင် ကိုယ်နဲ့မတူရင် ဒီရန်သူဘက်ကို တွန်းပို့တဲ့ ပြဋ္ဌာန်း ချက်တွေဖြစ်နေတယ်။ အဲဒါကြောင့်ဒီ CDM နဲ့ပတ်သက်ရင် ကင်းလွတ်ခွင့်ပေးပါ။ အားလုံးက ဝန်ထမ်းတွေဖြစ်တဲ့ အတွက် ပြည်သူလူထုကို သူကအကျိုးပြုမှာပဲ ဦးဆောင်မယ့် လူကိုအကျိုးမပြုပါဘူး။ အုပ်ချုပ်တဲ့သူကသာ ပြောင်း သွားမယ် public service က ဘာမှမဖြစ်ဘူးပေါ့”ဟု ပြောသည်။

နစက လက်အောက်တွင် အလုပ်လုပ်နေသည့် နိုင်ငံ့ဝန်ထမ်းများကို တရားစွဲသည့်အထိ အရေးယူနိုင်သည့် အကြမ်းမဖက်၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဇွန်လ ၁၃ ရက်တွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ပြဋ္ဌာန်းခဲ့သည်။

အဆိုပါ ဥပဒေ၏ အခန်း (၄) တွင်ပါဝင်သည့် အရေးယူခြင်းအပိုင်း၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်ကြား CDM ပြုလုပ်ခဲ့သည့် ဝန်ထမ်းများကိုသာ CDM အဖြစ် သတ်မှတ်သွားမည်ဖြစ်ပြီး ထို ကာလနောက်ပိုင်း CDM ပြုလုပ်သူများကမှု အကြောင်းပြချက်ပေးမှ စိစစ်ပြီး CDM အဖြစ် သတ်မှတ်မည်ဟု ဆိုထားသည်။ 

CDM လုပ်ဖို့ ဆန္ဒပြနေကြစဉ်

ထိုဥပဒေထဲတွင် CDM များအတွက် ဆုပေးစနစ်ပါပြီး Non-CDM များအတွက် ဒဏ်ပေးစနစ်ကို ထည့်သွင်းထား ကြောင်း၊ CDM ဥပဒေအရ စစ်သားနှင့်ရဲသည် အကျုံးမဝင်ဟု ဆိုထားသည်။ 

CRPH က ပြဋ္ဌာန်းလိုက်သည့် CDM နိုင်ငံ့ဝန်ထမ်း ဥပဒေသည် တော်လှန်ရေး လိုအပ်ချက် ဖက်ဒရယ်ဒီမိုကရေစီ စံနှုန်းနှင့်လွဲချော်နေသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(ဗကသ)၊ လူမျိုးပေါင်းစုံ မျိုးဆက်များ သွေးစည်းညီညွတ်ရေးမဟာမိတ်အင်အားစု(GSCN)၊ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)နှင့် တက္ကသိုလ်ဆရာများသမဂ္ဂကိုယ်စားပြုကော်မတီတို့က အသီးသီး ထုတ်ပြန် ပြောကြားခဲ့ကြသည်။

ထို့နောက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)ကလည်း တိုင်းပြည်၏အနာဂတ်ကို ဖန်တီးရာတွင် အရေးပါသည့် ကျောင်းသားလူငယ်များ၏ ရှေ့ရေးကို မျှော်တွေးပြီး "ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ"မှ တာဝန် ထမ်းဆောင်သူများ၏ ရွေးချယ်မှုအပေါ် အနှောင့်အယှက်၊ အဟန့်အတား ပြုလုပ်သွားမှာ မဟုတ်သလို လိုအပ် သည်များကို ဖေးမကူညီသွားမည်ဟု  ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။