CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၀

အာရှဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲမှာ နိုင်ငံတော်သီချင်း မသီဆိုတဲ့အတွက် နိုင်ငံပြန်ရောက်ရင် နှိပ်စက်ခံရမှာ စိုးရိမ် နေတဲ့ အီရန်အမျိုးသမီး ဘောလုံးအသင်းက ကစားသမား ၅ ဦးကို သြစတြေးလျနိုင်ငံက ခိုလှုံခွင့်ပေးခဲ့ပါတယ်။ 

အီရန်ကစားသမားတွေ နိုင်ငံတော်သီချင်း သီဆိုချိန် တိတ်ဆိတ်နေတာက နိုင်ငံကို ဆန့်ကျင်တဲ့ လုပ်ရပ်အဖြစ် ရှုမြင်နေကြတာပါ။ 

သြစတြေးလျပြည်ထဲရေးဝန်ကြီး တိုနီဘာ့ခ်က ခိုလှုံခွင့်တောင်းခံခဲ့တဲ့ အီရန်အမျိုးသမီး ဘောလုံးအသင်းက ကစားသမား ၅ ဦးကို ရဲတပ်ဖွဲ့က လုံခြုံပြီးဘေးကင်းတဲ့ နေရာကို ရွှေ့ပြောင်းပေးခဲ့သလို သူတို့ရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာဗီဇာတွေကို လက်မှတ် ရေးထိုးပေးခဲ့တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

ဒါ့ပြင် သြစတြေးလျအစိုးရဟာ အီရန်အသင်းက အခြားအဖွဲ့ဝင်တွေ လိုအပ်ရင်လည်း ကူညီဖို့ အသင့်ရှိနေတယ်လို့ ပြောခဲ့တာပါ။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်အမျိုးသမီးအသင်း ဘေးကင်းကြောင်း အတည်ပြုနိုင်ဖို့ သြစတြေးလျ ဝန်ကြီးချုပ်နဲ့ စကားပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ 

အီရန်အမျိုးသမီးအသင်းကို တွေ့ရစဉ်

ထရမ့်က သူ့ရဲ့Truth Social မှာ တချို့က မိသားစုတွေရဲ့ ဘေးကင်းရေးကို စိုးရိမ်တာကြောင့် ပြန်သွားသင့်တယ် ဆိုပြီး ခံစားနေရကြောင်း ရေးသားထားပါတယ်။ 

သြစတြေးလျအစိုးရဟာ ကစားသမားတွေကို အချိန် အတိုင်းအတာတစ်ခုအထိ ကူညီဖို့ ပြင်ဆင်ထားပြီး အသင်းရှိ အခြားသူတွေကိုလည်း ကူညီဖို့ပြောထားတာပါ။

ကျန်ရှိနေတဲ့ အီရန် ကစားသမားတွေဟာ သြစတြေးလျနိုင်ငံကနေ ဘယ်အချိန် ထွက်ခွာ မလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

အီရန်ကစားသမားတွေဟာ အဖွင့်ပွဲမှာ နိုင်ငံတော်သီချင်း မသီဆိုဘဲ တိတ်ဆိတ်နေပေမယ့် နောက်ပွဲတွေမှာတော့ အလေးပြုပြီး သီဆိုခဲ့ကြပါတယ်။ 

အီရန်အမျိုးသမီးအသင်းဟာ ၂၀၂၆ အာရှဖလားပြိုင်ပွဲမှာ သြစတြေးလျ၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ၃ ပွဲစလုံး အရေးနိမ့်ကာ အုပ်စုကနေ ထွက်ခွာခဲ့ရပါတယ်။ 

Source: CNA