CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀
မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီဟာ ပြီးခဲ့တဲ့လက စပါးအသင်းနဲ့ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲအပြီးမှာ ဒိုင်လူကြီးအပေါ် ပေးခဲ့တဲ့ မှတ်ချက်တွေအတွက် ပေါင် ၈ သောင်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က စပါးနဲ့မန်စီးတီးအသင်း ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ကွင်းလယ်ဒိုင်လူကြီး ရော်ဘတ်ဂျုံးစ်ဟာ ဘက်လိုက်မှုရှိတယ်လို့ ရိုဒရီက စွပ်စွဲခဲ့တာပါ။
အဲ့ဒါကြောင့် ရိုဒရီဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ စွဲချက်တင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
ရိုဒရီကလည်း ဒီစွပ်စွဲမှုကို ဝန်ခံခဲ့တဲ့အတွက် ဒဏ်ကြေးငွေသာ ချမှတ်ခံခဲ့ရပြီး ပွဲပယ်ခံရမယ့် အရေးကို ရှောင်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ စပါးအသင်းအတွက် ဂိုးသွင်းယူခဲ့တဲ့ ဆိုလန်ကီဟာ ဂိုးမသွင်းယူမီ မန်စီးတီးအသင်း နောက်ခံလူ ဂူဟီရဲ့ ခြေထောက်ကို ကန်ခဲ့ပေမယ့် ဂိုးအဖြစ် ခွင့်ပြုခဲ့တဲ့အပေါ် ရိုဒရီက ဒေါသထွက်ပြီး ဝေဖန်မှု ပြုလုပ်ခဲ့တာပါ။

ရိုဒရီကို တွေ့ရစဉ်
ရိုဒရီက မန်စီးတီးအသင်း နိုင်ပွဲတွေ အများကြီး ရရှိတာကို လူတွေ မလိုချင်ဘူးဆိုတာ သိပေမယ့် သူတို့ အလွန် ကြိုးစားခဲ့တဲ့အတွက် မျှတမှုမရှိဘူးလို့ ပြောခဲ့ပါတယ်။
ရိုဒရီက သူ့ရဲ့ပြောဆိုမှုကို မီဒီယာ အဖွဲ့အစည်းတချို့က နားလည်မှုလွဲပြီး အဓိပ္ပါယ် ဖွင့်ဆိုတဲ့အရာလည်း မှားယွင်းနေတယ်လို့ FA ထံပေးပို့ခဲ့တဲ့ ပထမစာမှာ ဖော်ပြခဲ့ပေမယ့် ဒုတိယစာမှာတော့ သူပြောခဲ့တဲ့အရာဟာ သင့်လျော်ခြင်းမရှိဘဲ မျှော်လင့်ထားတဲ့ စံနှုန်းထက် နိမ့်ကျနေတယ်လို့ ဝန်ခံခဲ့တာပါ။
ရိုဒရီဟာ ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရပြီးနောက် ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ပွဲပါဝင်ကစားကာ ၂ ဂိုး သွင်းယူထားပါတယ်။
မန်စီးတီးအသင်းဟာ ကြားရက်မှာ ရီးရယ်လ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ကစားရမှာ ဖြစ်ပြီး ရိုဒရီဟာအသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်ရဖွယ်ရှိနေပါတယ်။
Source: BBC
