CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀

အာဆီယံ၏ မူဝါဒတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့်ပတ်သက်၍ တစ်ဦးတစ်ယောက်မှ မကျရန် ဆိုသော မူကို ဖော်ဆောင်နေသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ (ဇွန်လ ၃၀ ရက်) ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်နှင့် နစကဥက္ကဋ္ဌတို့ ယနေ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးစဉ် အထက်ပါအတိုင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက “ထာဝရ ငြိမ်းချမ်းရေး ရရှိရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိမှု၊ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိစေရေး ဆောင်ရွက်ပေးလျက် ရှိမှု၊ အာဆီယံ၏ မူဝါဒတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့် ပတ်သက်၍ တစ်ဦးတစ်ယောက်မှ မကျန်ရ ဆိုသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း လူ့အသက်ထက် အရေးကြီးတာ ဘာမျှမရှိဆိုသည့် မူဝါဒထားရှိ ဆောင် ရွက်လျက်ရှိသည်”ဟု ပြောသည်။

ထို့နောက် NUG၊ CRPH၊ PDF တို့၏ ဆောင်ရွက်နေမှု အခြေအနေများ၊ သံဃာတော်များ အပါအဝင် ဆရာ/ဆရာမများနှင့် ပြည်သူများ သတ်ဖြတ်ခံနေရမှု အခြေအနေများ၊ မိုင်းထောင် ဖောက်ခွဲခံနေရမှု အခြေအနေများကိုလည်း အာဆီယံအထူး ကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်နှင့် နစကဥက္ကဋ္ဌတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်က ပရတ်ဆိုခွန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် တပ်မတော် ဖြုတ်ချရေး လက်နက်ကိုင် တော်လှန်တိုက်ခိုက်နေကြခြင်းကြောင့် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး တို့တွင် တိုက်ပွဲရှောင်များ သိန်းနှင့်ချီရှိ နေပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်နေသည်။

မစ္စတာပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၃ ရက်အထိ ခရီးစဉ်အဖြစ် ရောက်ရှိနေပြီး ဇူလိုင် ၂ ရက်မှ ဇူလိုင် ၅ ရက်အထိ မြန်မာနိုင်ငံမှာ ကျင်းပမည့် မဲခေါင်-လန်ချန်း ညီလာခံကိုလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အလားတူ နိုင်ငံရေးပါတီများ၊ နစကအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့၊ ဒီမိုကရေစီအင်အားစုများ စသည့် ပုဂ္ဂိုလ်များဖြင့် တွေ့ဆုံ၍ မြန်မာ့အရေးကို ဆွေးနွေးသွားရန်လည် ရှိကြောင်း သိရှိရသည်။

မြန်မာပြည်ကို ရောက်ရှိနေသော အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်သည် ဒုတိယအကြိမ် ခရီးစဉ် ဖြစ်သည်။