CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၄

တိုင်းရင်းသားများ အနေဖြင့် မိမိတို့ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်တွင် ပိုမိုပါဝင်လာရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ယနေ့ (သြဂုတ် ၄ ရက်) ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးစဉ် ၎င်းက အထက်ပါ အတိုင်းပြောခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက “ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေးအရ အမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့ ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်တွင် ပိုမို ပါဝင်လာရမည်”ဟု ပြောသည်။

ထို့နောက် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပွင့်လင်းစွာဖြင့် အကြေအလည် ဆွေးနွေးသွား မည်ဖြစ်ပြေီး ပြည်ထောင်စုအကျိုးကို ရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုကြောင်း ၎င်းက ဆက် ပြောသည်။

SSPP ဒုဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နဲ့ နစက တွေ့ဆုံစဉ်

ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များကို နစကဥက္ကဋ္ဌက SSPP ကိုယ်စား လှယ်များအား ရှင်းပြ၍ ဆွေးနွေးခဲ့သည်။

SSPP မှ ဒုဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်းက “ယခုကဲ့သို့ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ပေးခဲ့ သည့်အတွက် အထူးဝမ်းမြောက်မိပြီး ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးမှုများ တွင် တက်ကြွစွာဖြင့် ဆက်လက်ပါဝင်သွားမည်”ဟု ပြောသည်။

ထို့နောက် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ် ပြည်ထောင်စု နိုင်ငံတော်ကြီးကို ဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံး ဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး စသည့်ကိစ္စရပ်များကို SSPP ဘက်က ပြန်လည် ဆွေးနွေးခဲ့သည်။

SSPP ဒုဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်သည် တိုင်းပြည်ကို ထိန်းသိမ်းစောင့်ရှောက်သူ (Guardian) အဖြစ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တိုင်းရင်းသား အဖွဲ့များအနေဖြင့်လည်း ဒီမိုကရေစီနှင့်ဖက်ဒရယ် အခွင့်အရေးကို ရရှိရန်အတွက် တရားဥပဒေနှင့်အညီ၊ စည်းကမ်းနှင့် အညီ၊ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန်လိုသည့် အခြေအနေများကို ပြန်လည် ဆွေးနွေးခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ခဲ့သည်။

ထို့နောက် SSPP  ကိုယ်စားလှယ်အဖွဲ့နှင့် နစက၏ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့တို့ သြဂုတ် ၅ ရက်မှ ၆ ရက်အထိ ဆက်လက် ဆွေးနွေးကြမည်ဖြစ်သည်။

SSPP သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral)ထိုးထားပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကိုတော့ မထိုးနိုင်သေးသော ရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ် သည်။